မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်ပြီး အရောင်းဆိုင်များလည်း ပိတ်ထားရချိန် ပြင်ပမှောင်ခိုစျေးကွက်တွင် စက်သုံးဆီတစ်လီတာ ကျပ်တစ်သောင်းကျော်အထိ ပေးဝယ်ရကြောင်း သုံးစွဲသူများထံမှ သိရသည်။
မွန်ပြည်နယ်တွင် ဇူလိုင်လ ဒုတိယအပတ်ခန့်ကစပြီး တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှု ကြုံတွေ့နေရပြီး စက်သုံးဆီ အရောင်းဆိုင်အများစုကလည်း အရောင်းရပ်နားထားကြသည်။
အရောင်းဆိုင်များတွင် စက်သုံးဆီဝယ် မရခြင်းကြောင့် သုံးစွဲသူများ ပြင်ပမှောင်ခိုစျေးကွက်ကို အားထားလာရပြီး ပြင်ပဆီစျေးကွက်တွင် စက်သုံးဆီစျေးနှုန်း အဆမတန် စျေးတင်ရောင်းလာကြကြောင်း သုံးစွဲသူများက ပြောသည်။
ပြင်ပမှောင်ခိုစျေးကွက်တွင် စက်သုံးဆီကို လိုသလောက် ဝယ်ရနိုင်သော်လည်း စျေးနှုန်းကြီးမြင့်နေပြီး တစ်လီတာကို ကျပ်တစ်သောင်းနှင့် အထက် ပေးဝယ်ရကြောင်း သုံးစွဲသူတစ်ဦးက ဆိုသည်။
“တစ်နေရာနဲ့ တစ်နေရာတော့ မတူဘူး။ စျေးက (ရောင်းသူတွေ) သူတို့ ပါးစပ်ဖျားမှာပဲဆိုတော့ သူတို့ ကြိုက်တဲ့စျေးကို ခေါ်ရောင်းနေကြတာ။ သုံးစွဲသူတွေကလည်း လိုတော့ စျေးကြီးလည်း ဝယ်ရတယ်” ဟု ၎င်းက ပြောသည်။
စက်သုံးဆီတင်သွင်းသိုလှာင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ပြန်သည့် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအရ မွန်ပြည်နယ်တွင် ၉၂ တစ်လီတာ ၃,၅၅၀ ကျပ်၊ ၉၅ တစ်လီတာ ၃,၆၃၅ ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာ ၄,၀၈၀ ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာ ၄,၅၉၅ ကျပ် စျေးရှိသည်။
စက်သုံးဆီ မပြတ်လပ်မီက စက်သုံးဆီဆိုင်စျေးနှင့် ပြင်ပစျေးမှာ တစ်လီတာလျှင် ကျပ် ငါးရာခန့်သာ ကွာသော်လည်း လက်ရှိတွင် နှစ်ဆကျော် မြင့်တက်လာခြင်းဖြစ်ကြောင်း သုံးစွဲသူများထံမှ သိရသည်။
စက်သုံးဆီပြတ်လပ်ချိန်တွင် ပြည်နယ် စစ်အစိုးရက စက်သုံးဆီအရောင်းဆိုင်များကို လိုက်လံစစ်ဆေးနေပြီး လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီ ရောင်းချခြင်း၊ စက်သုံးဆီများကို ပုံးများဖြင့် ရောင်းချသည်ဆိုပြီး အရောင်းဆိုင်အချို့ကို လိုက်ပိတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြည်နယ်စစ်အစိုးရအနေဖြင့် လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် စက်သုံးဆီပြဿနာကို ထိရောက်သည့်နည်းဖြင့် မဖြေရှင်း ဘဲ စက်သုံးဆီအရောင်းဆိုင်များကို လိုက်ပိတ်နေခြင်းသည် သုံးစွဲသူများအတွက် ပိုပြီး အခက်အခဲဖြစ်စေကြောင်း ၎င်းတို့က ပြောဆိုသည်။
ပုံစာ – စက်သုံးဆီဆိုင်တွင် ဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသူများကို ဇူလိုင်လ ၂၆ ရက်က တွေ့ရစဉ်။
ဓာတ်ပုံ – ဒေသခံတစ်ဦး။







