မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်နေသည့်အတွက် စက်သုံးဆီအရောင်းဆိုင်အများစု ပိတ်ထားကြောင်း ဆီအရောင်းဆိုင်များနှင့် သုံးစွဲသူများထံမှ သိရသည်။
ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ ပေါင်၊ သထုံ၊ ကျိုက်ထို၊ သံဖြူဇရပ် အစရှိသည့် မြို့နယ်များတွင် ဇူလိုင်လ ဒုတိယအပတ်ခန့်ကစပြီး တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပွားခဲ့သည်။
“ဆီဆိုင်တွေအများစုက ပိတ်ထားကြတယ်။ ဆီကားမဝင်လို့တော့ ပြောတယ်။ တချို့ ဆီရှိတဲ့ဆိုင်ကလည်း အရင်လိုပဲ တန်းစီရတယ်။ တန်းစီလည်း မရဘူး။ ကိုယ့်အလှည့်တောင် မရောက်ဘူး။ ဆီက ကုန်သွားတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
ဆီအရောင်းဆိုင်များ ဆီပြတ်လပ်ပြီး အရောင်းပိတ်ထားကြသည့်အတွက် သုံးစွဲသူများ ပြင်ပဈေးကွက်ကို အားထားလာရကာ ပြင်ပဆီဈေးကွက်တွင် ဆီဈေးနှုန်း အဆမတန် ပြန်လည်မြင့်တက်လာသည်။
စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီမရှိသော်လည်း ပြင်ပမှောင်ခိုဈေးကွက်တွင် စက်သုံးဆီကို ဈေးကြီးပေးပြီး လိုသလောက် ဝယ်ယူ၍ ရနေသည်ဟု သုံးစွဲသူတို့က ပြောသည်။
“ဆီဆိုင်တွေ ပိတ်ထားကြတော့ အပြင်မှာပဲ ဝယ်သုံးနေရတယ်။ အပြင်မှာကျ ဝယ်လို့ရနေတယ်။ ဈေးတော့ကြီးတယ်။ တစ်လီတာ (ကျပ်) ၉၀၀၀/၁၀၀၀၀ နဲ့ ဝယ်နေရတယ်။ တချို့ဆို သောင်းကျော် ပေးရတယ်။ ဘယ်လိုလုပ်မလဲ ဈေးကြီးလည်း ဝယ်ရတာပဲ” ဟု သုံးစွဲသူတစ်ဦးက ပြောသည်။
စက်သုံးဆီရည်ညွှန်းဈေးအရ မွန်ပြည်နယ်အတွင်း ဓာတ်ဆီ ၉၂ တစ်လီတာ ၃၄၀၀ ကျပ် ဝန်းကျင်၊ ၉၅ တစ်လီတာ ၃၅၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။
မွန်ပြည်နယ်အတွင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့က တင်ဒါအောင်ပြီး လုပ်ပိုင်ခွင့် ရရှိထားသည်။
မွန်ပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချမည့် စက်သုံးဆီများကို မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းမှတစ်ဆင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
ပုံစာ – ဆီဆိုင်တွင် တန်းစီနေကြသည်ကို ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ – ဒေသခံ







