ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် ထိုင်းကုန်ပစ္စည်းများ ဖမ်းဆီး‌နေသဖြင့် ပစ္စည်းတင်သွင်းမှု ရပ်တန့်

September 11, 2026

ပုံစာ - ဘုရားသုံးဆူ-မုဒုံကားလမ်းပိုင်းတစ်နေရာ။ဓာတ်ပုံ - ခရီးသည်တစ်ဦး။

မွန်ပြည်နယ်အတွင်း တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများကို ဖမ်းဆီးနေသောကြောင့် လတ်တလောတွင် ထိုင်းကုန်ပစ္စည်း တင်သွင်းမှုများ ရပ်တန့်နေကြောင်း ကုန်သည်များနှင့် ကားသမားများထံမှ သိရသည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ပစ္စည်းများကို စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များ၊ လမ်းများတွင် ဖမ်းဆီးနေသည့်အပြင် ပွဲရုံနှင့် ဈေးကွက်များအထိပါ လိုက်လံဖမ်းဆီးနေကြောင်း ၎င်းတို့က ပြောသည်။

စက်တင်ဘာလ ၅ ရက်က ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကားအစီး ၆၀ ကျော်ကို စစ်အုပ်စု ပူးပေါင်းအဖွဲ့များက ဖမ်းဆီးခဲ့သည်။

ယင်းသို့ ဖမ်းဆီးခံရပြီးနောက် ထိုင်းနယ်စပ် အထူးသဖြင့် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ထိုင်းကုန်ပစ္စည်း တင်သွင်းမှုကို ရပ်နားထားရကြောင်း ထိုင်းကုန်ပစ္စည်း တင်သွင်းသူများက ဆိုသည်။

“ထိုင်းပစ္စည်းတွေကို အဖမ်းအဆီးကြမ်းနေတော့ ပစ္စည်းတွေ တင်သွင်းတာကို ရပ်ထားကြရတယ်။ နည်းလမ်းတော့ ရှာနေတာပေါ့။ လောလောဆယ်တော့ သုံးဆူကနေ မသယ်လာရဲဘူး။ သယ်လာပြီး လမ်းမှာ တစ်ဂိတ်ပြီးတစ်ဂိတ် ပေးလာပြီး ဒီရောက်မှ အဖမ်းခံရတယ်ဆိုရင် သွားပြီးလေ။ ဒီလို ဖမ်းနေတဲ့အချိန်မှာ မသယ်ဘူး။ ရပ်ထားတယ်” ဟု ဘုရားသုံးဆူနယ်စပ်မှ ထိုင်းပစ္စည်းများ တင်သွင်းနေသည့် ကုန်သည်တစ်ဦးက ပြောဆိုသည်။

မွန်ပြည်နယ်စျေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးနှင့် အိမ်ဆောက်ပစ္စည်းအများစုသည် ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

“အခု ထိုင်းပစ္စည်းတွေ အဆင်းဆို လုံးဝ မရဘူး။ တချို့ပစ္စည်းတွေ မှာထားတာ လနဲ့ချီနေပြီ မရောက်ဘူး။ သယ်လို့မရလို့ လုပ်စားရတာ လုံးဝအဆင်မပြေတော့ဘူး” ဟု ထိုင်းကုန်ပစ္စည်း ရောင်းချနေသည့်အမျိုးသမီးတစ်ဦးက ပြောသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှ စားသောက်ကုန်များ အသုံးအဆောင်ပစ္စည်းများ တင်သွင်းမှု ရပ်တန့်နေသည့်အတွက် စျေးကွက်တွင် ထိုင်းကုန်ပစ္စည်း ပြတ်လပ်ပြီး စျေးတက်လာကြောင်း ‌ထိုင်းကုန်ပစ္စည်းရောင်းသူများထံမှ သိရသည်။

နယ်စပ်လမ်းကြောင်းမှ တင်သွင်းလာသော ထိုင်းကုန်ပစ္စည်းများ၊ ပွဲရုံ၊ ဂိုဒေါင်၊ စျေးကွက်တို့တွင်သာမက မွန်ပြည်နယ်အတွင်း တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ရာတွင်လည်း ဖမ်းဆီးနေကြောင်း ထိုင်းကုန်ပစ္စည်းရောင်းချနေသူများက ဆိုသည်။