ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အသက် လေးနှစ် မိန်းကလေးငယ်အား လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြင့် အမျိုးသားတစ်ဦးကို ဖမ်းဆီး

September 11, 2026

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် လေးနှစ်ကျော်အရွယ် မိန်းကလေးငယ်အား လိင်ပိုင်းဆိုင်ရာ ကျူးလွန် သည်ဆိုပြီး အိမ်ထောင်ရှင်အမျိုးသားတစ်ဦးကို မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူမှာ အသက် ၅၀ ဝန်းကျင်အရွယ် အိမ်ထောင်ရှင်အမျိုးသားတစ်ဦး ဖြစ်သည်။

မိန်းကလေးငယ်မှာ အဆိုပါအမျိုးသား၏ နေအိမ်တွင် ဖွင့်လှစ်ထားသော မူကြို (ကလေးထိန်းဂေဟာ) တွင် တက်ရောက် နေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ပထမပတ်တွင် မိန်းကလေးငယ် မူကြိုတွင်ရှိ‌နေစဉ် မူကြိုဖွင့်ထားသည့် အိမ်ပိုင်ရှင်အမျိုးသားက မိန်းကလေးငယ်၏ မိန်းမကိုယ်အား လက်ဖြင့် မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ကိုယ့်အိမ်မှာ မူကြိုလာနေတဲ့ ကလေးကိုမှ လုပ်တာကို အရမ်းဒေါသထွက်တယ်“ ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

သံသယရှိသူ အမျိုးသားမှာ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဉ်အပေါ် မိန်းကလေးငယ်၏ မိခင်ဖြစ်သူက တိုင်ကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က အဆိုပါအမျိုးသားကို စက်တင်ဘာလ ၉ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သို့သော် ဖမ်းဆီးခံရသူ အမျိုးသားကမူ လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်‌ဘဲ အိမ်သာတက်ရန် အကူအညီပေးရာမှ မတော်တဆ ထိမိသွားခြင်းသာ ဖြစ်သည်ဟု ငြင်းဆိုထားကြောင်း ယင်းကိစ္စကို သိရှိသူ တစ်ဦးက ပြောဆိုသည်။

လတ်တလောတွင် အဆိုပါအမျိုးသားအား စစ်ဆေးပြီး ဥပဒေအတိုင်း တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေကြောင်း မြို့နယ်ပလဖ ထံမှ သိရသည်။

“သွားဖမ်းတဲ့အချိန်မှာ သူ (သံသယရှိသူ အမျိုးသား) က ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးဝတ်နေတယ်။ အဲဒီမှာ သွားပြီး ဖမ်းလာခဲ့တယ်“ ဟု ပလဖ တာဝန်ရှိသူက ပြောသည်။

လောင်းလုံးမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှု မကြာခဏ ဖြစ်ပွားပြီး Dawei Watch ၏ မှတ်တမ်းအရ ၂ နှစ်အတွင်း အနည်းဆုံး အမှုငါးမှုရှိနေပြီဖြစ်သည်။