အပိုင်း (၁၆)
ရဲဘော်သစ် ခေါ်ယူရန်အတွက် ကမ့်ပ်တွင် ဖွင့်ထားသော တော်လှန်ရေးစစ်ပညာသင်တန်း ငါးလအတွင်း ပြီးဆုံးသွားချိန်၌ တော်လှန်စားဖိုမှူးကြီးဖြစ်သော ကိုဖေသွင်က ကိုကြံမောင်နှင့် ထွန်းတောက်ထိန်တို့ရှေ့သို့ ပေါက်ချလာသည်။ ကိုဖေသွင်က ငါ့မှာ ပြောစရာလေး ရှိလို့ပါ ဆိုပြီး အစပျိုးလာသည်။
“ထွန်းတောက် ငါ မင်းကို အကူအညီ တောင်းထားတာလေး တကယ်ဖြစ်မလာတော့ဘူးဆိုရင်လည်း တော်လှန်ရေးလောကထဲက ထွက်တော့မယ်၊ အင်းပေါ့လေ၊ ငါ့လို အကြားအာရုံ မသန်စွမ်းသူအတွက် တော်လှန်ရေးလောကထဲမှာ စားဖိုမှူးအလုပ်လောက်ပဲ နေရာရှိတာ၊ ကွန်ပျူတာစာစီစာရိုက်အလုပ်ကတော့ တော်လှန်ရေးလောကထဲမှာ နေရာရှားမှာပေါ့၊ ဘာတတ်နိုင်မလဲ၊ နေရာရှိတယ်ဆိုရင်တောင် အကြားအာရုံ သန်စွမ်းဖို့က လိုကိုလိုပါသေးတယ်၊ ဒီတော့ လက်လျှော့လိုက်တော့မယ်၊ အစက တော်လှန်ရေးကြီး မပြီးမချင်း တော်လှန်ရေးလောကထဲမှာပဲ နေမယ်လို့ ဆုံးဖြတ်ထားခဲ့တာပေါ့၊ ဒါပေမယ့် ငါ့အတွက် နေရာမရှိတော့ နုတ်ထွက်ရတော့မှာပေါ့လေ၊ ငါ တော်လှန်စားဖိုမှူးလုပ်လာတာ သုံးနှစ်ကျော် လေးနှစ်ရှိတော့မယ်လေ၊ ငါ တကယ် ငြီးငွေ့လာလို့ပါ၊ ထမင်းမချက်ချင်တော့ဘူး၊ လေးနှစ်နီးပါးလောက် ငါတတ်နိုင်သလောက် လုပ်ခဲ့ပြီးပြီမို့ တာဝန်ကျေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယူဆတယ်၊ ဒါပေမယ့်လည်း တော်လှန်ရေးကြီးအပေါ် လက်မလျှော့ပါဘူးလေ၊ CDM လုပ်ရပ်နဲ့ ဆက်ပြီး တော်လှန်နေတော့မယ်၊ ပြီးတော့ ငါတတ်သလောက် တော်လှန်ရေးစာပေလေးတွေ ရေးပြီး စာပေနဲ့ တော်လှန်နေတော့မယ်၊ ဒါဟာလည်း တော်လှန်ရေး ဆက်လုပ်နေတာမဟုတ်လား၊ တော်လှန်ရေးကြီးအပေါ် သွေဖည်သွားတာ မဟုတ်ပါဘူး၊ ပြီးတော့လေ ငါက မင်းတို့လို လက်နက်မကိုင်နိုင်တော့ ဒီရွာက ကမ့်ပ်နေရမှာ လိပ်ပြာမလုံသလို ခံစားရတယ်၊ ရွာထဲက လူတွေအပေါ် သိပ်ပြီး မျက်နှာ မပြရဲသလို ခံစားရတယ်၊ သေနတ်မပစ်တတ်ဘဲ ကမ့်ပ်မှာ ကပ်စားနေတယ်လို့ လူတွေပြောလာမှာကို ငါ သိပ်ကြောက်နေမိလို့ ပြည်သူ့ထမင်းကို စားနေရတာကို လိပ်ပြာမလုံတာပါ၊ ပြည်သူတွေကတော့ သဘောကြည်ဖြူမယ်လို့ ထင်ပါတယ်၊ ငါကကို လိပ်ပြာမလုံဖြစ်နေလို့ပါ၊ ဒါ့ကြောင့် ငါ ထွက်တော့မယ်နော်၊ တခြား ဘာသဘောမှ မပါပါဘူး၊ ဘယ်သူ့ကိုမှ မကျေနပ်လို့လည်း မဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှ မျက်စိစပါးမွေးစူးလို့ဆိုပြီးတော့လည်း မဟုတ်ပါဘူး၊ ငါ့သဘောနဲ့ငါ ထွက်ချင်လို့ ခွင့်တောင်းတာပါ”
ကိုဖေသွင်က ရှည်ရှည်ဝေးဝေး ပြောလာသောအခါ ကိုကြံမောင်က နှုတ်ဆိတ်နေသည်။ စိတ်မကောင်း ဖြစ်နေဟန်ရှိသည်။ ကိုဖေသွင့်နေရာမှာ ဝင်ခံစားပေးနေဟန်ရှိသည်။ ကိုကြံမောင့်စိတ်ထဲမှာ ကိုဖေသွင်သည် တော်လှန်ရေးစိတ်ဓာတ် တကယ်ပြင်းထန်သူဖြစ်ပြီး အကြားအာရုံမသန်စွမ်းနေသောကြောင့်သာ နေရာမရှိရခြင်းကို စာနာသနားနေဟန်ရှိသည်။ ကိုဖေသွင့်အတွက် ကိုကြံမောင် ဘာမျှ လုပ်မပေးနိုင်ခဲ့သည့်အတွက် အားနာသည်။
ထွန်းတောက်ထိန်ကတော့ အပြင်ပန်းမှာသာ စိတ်မကောင်းဟန် ဆောင်ထားပေမယ့် ရင်ထဲမှာတော့ ပြုံးနေမိသည်။ ကိုဖေသွင့်ကို ကြည့်မရသည်မှာ ကြာခဲ့ပြီမဟုတ်လား။ ယခု ကိုဖေသွင်ထွက်သွားလျှင် မြင်ရတော့မည်မဟုတ်ပေ။ မျက်စိစပါးမွေးစူးစရာမရှိတော့သဖြင့် မျက်စိဒုက္ခတစ်ခု အေးသွားပြီ။ သူ့မြင်ပြီး အကုသိုလ်စိတ်တွေလည်း ကင်းဝေးသွားရတော့မည်။
ကိုဖေသွင်သည် ထွန်းတောက်ထိန်အတွက် သည်လို စိတ်ဒုက္ခများကို အလိုလိုပေးစွမ်းနေသည့်အတွက် ကိုဖေသွင်တောင်းဆိုထားသော အလုပ်ကို စုံစမ်း မပေးခဲ့ပေ။ စိတ်ကူးထဲပင် မထည့်ခဲ့။ ကိုဖေသွင် တောင်းဆိုလာချင်းချင်း တစ်ခါတည်း မေ့ပစ်လိုက်ခဲ့သည်။ တစ်ခုတော့ စိတ်မကောင်းဖြစ်မိသည်။ ကိုဖေသွင့်ထံကနေ ပြင်ပအလှူငွေများ မရရှိတော့ခြင်းကိုပင်။ သို့သော်လည်း ထွန်းတောက်ထိန်သည် စိတ်မကောင်းဟန်လေးနှင့် ပြောလိုက်ရသေးသည်။
“ကိုဖေသွင်မရှိတော့ရင် ထမင်းဘယ်သူချက်မလဲဗျာ၊ မထွက်ပါနဲ့”
“တကယ်တော့ ငါရှိနေတာက ရဲဘော်တွေကို ငါက လူပျင်းဇာတ် သွင်းနေတယ်လို့ကို ငါက ထင်နေမိတယ်၊ ဒီကောင်တွေ ငါရှိတာနဲ့ပဲ ထမင်းချက်တာဝန်က သူတို့နဲ့ ဘာမှမဆိုင်သလိုကို နေနေကြတာ၊ မစ်ရှင်မရှိလို့ အားနေကြချိန်မှာ ရေနွေးအိုးလေး တည်ဖို့တောင် သတိမရကြဘူးလေ၊ တစ်တော့ဆော့ဖို့၊ ဂိမ်းဆော့ဖို့လောက်ပဲ အာရုံရှိကြတာ၊ ငါ့မှာတော့ သေနတ်မပစ်တတ်တာနဲ့ပဲ တစ်နေကုန် မီးဖိုချောင်ထဲကကို မထွက်ရဘူး၊ အင်မတန် ပင်ပန်းပါတယ်၊ ငါပင်ပန်းတာကိုလည်း ဒီကောင်တွေ မမြင်နိုင်ပါဘူး၊ ဒီတော့ ငါမရှိတုန်း ဒီကောင်တွေကို အလှည့်ကျ ချက်ခိုင်းပါ၊ တခြား ဘယ်စားဖိုမှူးမှကို မခေါ်ပါနဲ့တော့၊ ဒီကောင်တွေကို လူပျင်းကြီးတွေ မဖြစ်စေချင်လို့ပါပဲ၊ ပြည်သူက ပေးတဲ့ဆန်ကို ကိုယ်တိုင်တော့ ချက်စားသင့်တာပေါ့၊ ပြည်သူက ဆန်ပေးရုံမက ချက်ပါ ပေးရမယ်ဆိုတာကတော့ မဖြစ်သင့်ဘူး”
ကိုကြံမောင်က ကောင်းပါတယ် ဟု ထောက်ခံသည်။
“ကိုကြံမောင်က ဒီလိုဆိုရင်လည်း ကျွန်တော်ဘာမှ မပြောတော့ပါဘူး၊ ကိုဖေသွင် ပင်ပန်းရင်လည်း နားပေါ့၊ ကမ့်ပ်ကိုလည်း မကြာခဏ လာလည်ပါဦးနော်၊ ခင်ဗျားရဲ့ သူငယ်ချင်းကြီး ပျင်းနေမှာစိုးလို့”
အလင်းဝင်စစ်သားကို ရည်ရွယ်ပြီး ပြောလိုက်ခြင်းဖြစ်သည်။
“အေး အလှည့်ကျ ချက်ခိုင်းတာထဲမှာ အဲဒီလူကိုလည်း ထည့်လိုက်ဦး၊ သူက ပိုပျင်းတာ၊ အရက်တွေလည်း တအားမသောက်ဖို့ စည်းကမ်းထုတ်ပေးလိုက်ပါဦး”
“ကောင်းပါပြီဗျာ”
“အိုကေ၊ ဒါဆိုရင် ထောက်ပို့အလုပ်လည်း မလုပ်တော့ဘူး၊ ငွေကြေးအရှုပ်တွေ ဖြစ်မှာစိုးလို့၊ ငါ့ဆီ လာလှူသူရှိရင် မင်းတို့နဲ့ ချိတ်ပေးလိုက်မယ်”
သည်လို ပြောလာတော့ ထောက်ပို့အလုပ်လေးတော့ ဝင်လုပ်ပေးပါလား လို့ ပြောလိုက်ပေမယ့် ကိုဖေသွင်နှင့် ဘယ်တော့မှ မပတ်သက်ချင်တော့သဖြင့် ခေါင်းကိုသာ ညိတ်ပြလိုက်သည်။ ထွန်းတောက်ထိန့်စိတ်ထဲ ကိုဖေသွင်က နောက်ဆုံးအချိန်ထိ ဆရာဝင်လုပ်နေသလိုကို ခံစားရသဖြင့် အမြန်ပြီးပါစေတော့ဆိုပြီး လက်စသတ်လိုက်သည်။
ကိုဖေသွင် ထွက်သွားပြီးနောက် ရက်ပိုင်းအတွင်း၌ ရွာသို့ CDM ကျောင်းအုပ်ဆရာကြီး ဦးချိန်တင် ပြန်ရောက်လာခဲ့သည်။ မိသားစုလိုက် ပြန်လည် ပြေးရှောင်နေရာကနေ အိမ်ပြန်နိုင်ပြီဖြစ်သောကြောင့် ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်သည်။ ရွာထဲက CDM ဆရာ ဦးကြည်ဆန်းနှင့် CDM ဆရာမ ဒေါ်ကြည်လင်တို့ကတော့ အိမ်ပြန်နိုင်ကြပြီဖြစ်သော်လည်း ပြန်လာကြတော့မည်မထင်ပေ။ အဘယ်ကြောင့်မူ တိမ်းရှောင်ရာအရပ်တွင် အိမ်ထောင်ကိုယ်စီကျပြီး စီးပွားရေးလုပ်ငန်းများနှင့် အဆင်ပြေနေပြီဟု ကြားသိရသောကြောင့် ဖြစ်သည်။
ဦးချိန်တင် ပြန်လာခြင်းသည် ထွန်းတောက်ထိန်အတွက် ဘာရယ်မသိ ခလုတ်ကန်သင်း ဖြစ်နေသည်ဟု ထင်မြင်နေမိသည်။ ဦးချိန်တင်ရောက်လာပြီဆိုမှတော့ လက်ရှိ ထွန်းတောက်ထိန် ယူထားသော ကျောင်းအုပ်ရာထူးကို ပေးအပ်လိုက်ရတော့မည်လား။ တော်လှန်ရေးလောကကြီးတွင် CDM ဝန်ထမ်းများကို ဦးစားပေးရမည်ဟု အော်နေကြသည်။ CDM ဝန်ထမ်းများ၏ လုပ်ငန်းများကို အားပေးကြပါဟု ဆော်သြနေကြသည်။
သည်တော့ ကျောင်းအုပ်ရာထူးကို ပေးအပ်လိုက်သင့်သည်လား။ အကယ်၍ ပေးအပ်လိုက်လျှင် ထွန်းတောက်ထိန်၏ လုပ်ပိုင်ခွင့်များ ဆုံးရှုံးလိုက်ရမည်မို့ ပေးအပ်ရမည်ကို နှမြောနေမိသည်။ အထက်၌ နေမိသောသူသည် သူတစ်ပါးကို အထက်သို့ မတင်မြှောက်ချင်ကြတော့သလို အောက်သို့လည်း မဆင်းပေးချင်ကြတော့ပေ။ ထွန်းတောက်ထိန်သည် ထိုသို့သော လူစားမျိုး မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဖြစ်နေခဲ့သည်။
သို့ပါသော်လည်း ဘယ်သူကမျှ ဦးချိန်အား စာသင်ပေးဖို့ ခန့်အပ်သင့်သည်ဟု ထွန်းတောက်ထိန်အား ပြောမလာခဲ့ကြပေ။ လက်ရှိဆရာမများကလည်း ပြောမလာကြ။ လက်ရှိ စာသင်နှစ် ပြီးမြောက်ဖို့ သုံးလေးလ လိုသေးသည်။ သည့်ကြောင့် စာသင်နှစ် မပြီးခင်အထိ ဦးချိန်တင်ကို မခန့်အပ်ဖို့ ဆရာမများက ဆုံးဖြတ်ထားကြသည်ထင်ပါသည်။ သည့်ကြောင့်လည်း ထွန်းတောက်ထိန်သည် စိတ်ရှုပ်ခံမနေတော့ဘဲ မေ့ပစ်လိုက်သည်။ စိတ်ထဲကနေ ဖယ်ထုတ်လိုက်သည်။
နောင် သုံးလေးလကြာအပြီး စာသင်နှစ် တနှစ်စာ ပြီးသွားသည်။ ဒါပါနှင့်ဆို ၂ နှစ်စာ ပြီးသွားခဲ့ပြီ ဖြစ်သည်။ ထို ၂ နှစ်စာအတွက် လပေါင်း ၁၈ လကျော်ကျော် ၁၉ လသာ ကြာခဲ့သည်။ ကလေးများ အသက်ကြီးနေကြပြီဖြစ်သောကြောင့် ကျောင်းပိတ်ရက်များ လျှော့ပြီး စာသင်ရက်ပေါင်း တစ်နှစ်စာပြည့်စေရန် အချိန်လုပြီး သင်ခဲ့ရခြင်း ဖြစ်သည်။
နောင်နှစ်စာအတွက် ကျောင်းဖွင့်ဖို့ ပြင်ဆင်ကြတော့မည်အခါ၌ ဒေါ်ဖြူပြာ ခေါ် လေးလေးဖြူက ဦးချိန်တင်အား စာသင်ပေးဖို့ ကိုကြံမောင်နှင့် ဖိတ်ခေါ်ကြိုဆိုပေးပါဟု ထွန်းတောက်ထိန်အား ပြောလာခဲ့သည်။ သည့်ကြောင့် ထွန်းတောက်ထိန်၏ စိတ်ထဲတွင် အောင့်သက်သက် ခံစားလိုက်ရသည်။ ဒေါ်ဖြူပြာ၏ တောင်းဆိုချက်သည် ထွန်းတောက်ထိန်အား နေရာကနေ ဖယ်ပေးပါဟု တောင်းဆိုလိုက်သည့်သဘော သက်ရောက်သည်။ သည့်ကြောင့် ဒေါ်ဖြူပြာအပေါ် စိတ်ကွက်မိပါသော်လည်း ဟုတ်ကဲ့ပါ ဟု ဖြေလိုက်သည်။
သည့်အတွက်ကြောင့် ထွန်းတောက်ထိန်သည် အလွန်စိတ်ညစ်ညူးနေမိတော့သည်။ ဦးချိန်တင်ကို ခန့်အပ်လိုက်လျှင် လက်ရှိကျောင်းအုပ်ရာထူးကနေ ဆင်းပေးရမည်မှာ မုချဖြစ်သည်။ အဘယ်ကြောင့်မူ ဦးချိန်တင်သည် အသက်အကြီးဆုံးသူ ဖြစ်နေပြီး အလျင်ကလည်း ကျောင်းအုပ်ကြီး ဖြစ်နေသောကြောင့်ပင်။ အကယ်၍ ထွန်းတောက်ထိန်က လက်ရှိနေရာကနေ ဆင်းမပေးဘဲ ဦးချိန်တင်ကို ဆရာမများနှင့် တန်းတူရာထူးကိုသာ ပေးထားလိုက်လျှင် လူတွေက မေးငေါ့ကြမည်မှာ မုချဖြစ်သည်။
နေရာကို မက်မောပြီး ကျောင်းအုပ်ကြီးတောင် ကျောင်းအုပ်ရာထူး မပေးချင်ဘူး ဆိုပြီး စကားတင်း ဆိုကြလိမ့်မည်။ ဒုကျောင်းအုပ်ရာထူးကို ပေးရမည်ဆိုလျှင်တောင် ဒေါ်ဖြူပြာ ရှိနေပြီ။ ဒေါ်ဖြူပြာကရော ဆင်းပေးပါ့မည်လား။ ဘယ်လိုလုပ်ရမည်လဲ။ စဥ်းစားကြံဆောင်လို့မရ။
မကြာခင် ကျောင်းကလည်း ဖွင့်တော့မည်။ အချိန်ကို လုပြီး သင်နေရသည့်အတွက် ကျောင်းပိတ်ရက်ကို အကြာကြီး ထားလို့မရပေ။ သည့်ကြောင့် ခပ်မြန်မြန် ဆုံးဖြတ်ရလိမ့်မည်။ သို့တိုင် မည်သို့ ဆုံးဖြတ်ရမည်ကို မစဥ်းစားတတ်အောင် ဖြစ်နေသဖြင့် ချစ်သူလေး စန္ဒာဝင်းဝင်းကို ရင်ဖွင့်မိသည်။
“ကိုတော့ သိပ်စိတ်ညစ်တာပဲအဝင်းရေ၊ ဘယ်လိုလုပ်ရမယ်ဆိုတာကို မစဥ်းစားတတ်တော့လောက်အောင်ပဲ”
တစ်ရွာတည်းမှာ နေနေကြသော်လည်း အဝင်းထံ ဖုန်းမက်ဆေ့ကလေးသာ ပို့လိုက်သည်။ အဝင်းက စာပြန်လာသည်။
“ဘာများဖြစ်လို့လဲကိုရယ်၊ အဝင်းကိုပြောပါ၊ ကိုနဲ့အဝင်းက သူစိမ်းတွေမှ မဟုတ်တာ၊ နှစ်ကိုယ့်တစ်စိတ်တွေလေ၊ ကိုစိတ်ညစ်စရာရှိရင် ကိုစိတ်ညစ်သက်သာအောင် အဝင်းက တစ်ဝက် စိတ်ညစ်ပေးမှာပေါ့၊ အဲ့သည်လိုပဲ ကိုပျော်စရာရှိရင် အဝင်းပါ မျှပျော်ပေးမှာ၊ ပြောပါ ကို မစဥ်းစားတတ်ရင် အဝင်းလည်း ကူစဥ်းစားပေးမှာပေါ့”
“ဦးချိန်တင် ပြန်ရောက်နေပြီလေ၊ လာမယ့်စာသင်နှစ်အတွက် ဦးချိန်တင်ကို ခန့်အပ်ဖို့ လေးလေးဖြူက ပြောလာပြီလေ၊ ကိုတော့ ဆင်းပေးရတော့မယ်ထင်တယ်”
“ဘယ်လို၊ ဘယ်သူ့ခွင့်ပြုချက်နဲ့လဲကိုရယ်၊ အဲဒီ လေးလေးဖြူကရော ဘယ်ဆရာမတွေကို တိုင်ပင်ပြီး ဘယ်ဆရာမတွေရဲ့ ခွင့်ပြုချက်နဲ့ တောင်းဆိုရတာလဲဟင်၊ သူ့တစ်ယောက်တည်းရဲ့ သဘောနဲ့တော့ အဝင်းတို့က ခွင့်ပြုမပေးနိုင်ပါဘူးကို၊ စိတ်မပူပါနဲ့၊ အဝင်းတို့ ကြည့်စီစဥ်ပေးပါ့မယ်”
“အဝင်းမှာ ဘာအကြံရှိလို့လဲဟင်”
“မကြာဘူး၊ ကို့နေရာကနေလည်း ဆင်းပေးရမှာမဟုတ်ဘူး၊ ဒါ့ကြောင့် ကို စိတ်ချလက်ချနေပါ၊ အဝင်းတို့ တိုင်ပင်လိုက်ဦးမယ်”
“အင်းပါအဝင်းရယ်”
နောင်နေ့၌ အဝင်းနှင့် အရင်းနှီးဆုံး ဆရာမလေးဦးနှင့် အဝင်းတို့ စုစုပေါင်း ဆရာမ ငါးဦး ဆွေးနွေးတိုင်ပင်ခဲ့သော အကြောင်းအရာများကို အဝင်းက ထွန်းတောက်ထိန်ထံ ဖုန်းမက်ဆေ့နှင့် ပြောပြခဲ့သည်။ အကယ်၍ အဝင်းတို့ ဆရာမငါးဦး လူချင်းတွေ့ဆုံပြီး ဆွေးနွေးခဲ့သော ကိစ္စအား ပေါက်ကြားခဲ့သည်ရှိသော်၊ ဆွေးနွေးနေသည်ကို တစ်ယောက်ယောက် မြင်ခဲ့သော ထိုဆွေးနွေးပွဲတွင် ထွန်းတောက်ထိန်မပါကြောင်း၊ ထွန်းတောက်ထိန်၏ အကြံအစည် တစ်ခုမျှ မပါဝင်ကြောင်း သိစေလိုသည့်အတွက် ထွန်းတောက်ထိန်နှင့် တိုက်ရိုက်မပြောပြဘဲ ဖုန်းမက်ဆေ့နှင့် ပြောပြခြင်းဖြစ်သည်။
“ကိုရေ အဝင်းတို့သူငယ်ချင်းတွေ ဆွေးနွေးခဲ့ပြီးပြီ၊ အဝင်းအကုန်ပြောပြမယ်၊ သေချာနားထောင်နော်၊ အလျင်ဆုံး ကိုက လေးလေးဖြူပြောသလို ဦးချိန်တင်ကို စာသင်ဖို့ကို ဖိတ်ခေါ်လိုက်ပါ၊ ကိုက ဖိတ်ခေါ်တယ်ဆိုတာ တစ်ရွာလုံးကို သိစေချင်လို့ပါပဲ၊ ဒီတော့ ကိုက ကျောင်းအုပ်ရာထူးကနေ ဆင်းမပေးချင်လို့ မဟုတ်ဘူးဆိုတာ တစ်ရွာလုံးကို သိစေချင်လို့ပါပဲ”
“ဦးချိန်တင်ကို ဖိတ်ခေါ်ပြီးသွားပြီဆိုရင် ဆရာမတွေ အားလုံး စုဝေးကြမယ်၊ ဆွေးနွေးကြမယ်၊ အဲ့ကျမှ အဝင်းတို့က ကန့်ကွက်ကြောင်း ပြောမှာပါ”
“ကန့်ကွက်ရတဲ့အကြောင်းရင်းက အခု အဝင်းတို့ ဆွေးနွေးပြီးသွားတဲ့ အကြောင်းတွေပါပဲ၊ ကို သိတဲ့အတိုင်း ဦးချိန်တင်ဆိုတာ တစ်ရွာလုံးက လေးစားနေကြသူတွေ မဟုတ်ဘူးလေ၊ ရွာထဲမှာ ဦးချိန်တင်နဲ့ မတည့်သူတွေက တစ်ဝက်လောက်ရှိတယ်”
” ဘာလို့ဆို ကိုလည်း သိပြီးသားပါ၊ ဦးချိန်တင်က အပေါက်ဆိုးတယ်၊ နှုတ်ကြမ်းအာကြမ်းလေ၊ အရိုက်ကလည်း ကြမ်းတယ်၊ မျက်နှာကြီးကလည်း အမြဲ ခက်ခက်ထန်ထန်နဲ့၊ ရွာက စာသင်ကျောင်းမှာ ကျောင်းအုပ်ဖြစ်တာနဲ့ပဲ တစ်ကျောင်းလုံးကို သူ့အပိုင်လိုကို အုပ်ချုပ်နေတာ၊ သူ့လက်အောက်က ဆရာမတွေကိုလည်း သူကပဲ လစာပေးထားသလိုကို ဆက်ဆံတာတဲ့၊ အဝင်းတို့နဲ့ ဆွေးနွေးတဲ့ဆရာမတွေထဲမှာ ကျောင်းဖွင့်တုန်းက မူကြိုသင်ခဲ့တဲ့ မနီလာတို့၊ မကြည်သာဆွေတို့လည်း ပါတယ်လေ၊ သူတို့ပြောပြလို့ အဝင်းက သိနေတာ၊ ဆရာမတွေပြောတာကတော့ ဦးချိန်တင်ရဲ့ လက်အောက်မှာ တစ်စက္ကန့်လေးတောင်မှ မနေချင်ပါဘူးတဲ့လေ”
“ဒါ့ကြောင့် ဦးချိန်တင် သင်မယ်ဆိုရင် အဝင်းတို့ဆရာမ ငါးဦးက နုတ်ထွက်မယ်ဆိုပြီး အကျပ်ကိုင်ကြမယ်တဲ့၊ ရွာမှာ ဆရာမတွေကလည်း မရှိတော့ဘူးလေ၊ အဝင်းတို့နုတ်ထွက်ရင် သင်မယ့်သူ မရှိတော့လို့ ဦးချိန်တင်ကလည်း ဝင်သင်မယ်မထင်တော့ဘူး၊ ပြီးတော့ ငါးဦးနဲ့တစ်ဦး လဲလှယ်ရလောက်အောင် ဦးချိန်တင်က မပိန်းလောက်ဘူး ထင်တာပဲလေ၊ သူ့ကို မလိုလားတဲ့ ဆရာမတွေကြားမှာလည်း နေချင်မယ် မထင်ဘူး”
“ပြီးတော့ သူငယ်ချင်းတွေပြောတာကတော့ ယခု လက်ရှိကျောင်းမှာ စေတနာ့ဝန်ထမ်းသက်သက်အနေနဲ့ သင်ပေးနေကြတာပါတဲ့၊ တစ်ပဲခြောက်ပြားလောက်ပဲရှိတဲ့ လစာကလေးကို မက်မောနေလို့ သင်နေတာမဟုတ်ဘူးတဲ့၊ ဒါ့ကြောင့် ကျွန်မတို့ဟာ အာဏာရှင်ဆန်တဲ့ ကျောင်းအုပ်လိုလူစားရဲ့လက်အောက်မှာ စာသင်မပေးနိုင်ဘူးတဲ့၊ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ နေချင်တယ်တဲ့၊ ကျွန်မတို့ကို စိုးမိုးချုပ်ကိုင်တာမျိုးကို မလိုလားပါဘူးတဲ့”
“ပြီးတော့ ယခု ကြားကာလစာသင်ကျောင်းဟာ ကိုယ့်အားကိုယ်ကိုးပြီး ဖွင့်ထားတဲ့ကျောင်းပါ၊ ဘယ်သူကမှ ကျွန်မတို့ကို စာသင်ပေးရမယ်လို့ အမိန့်သံနဲ့ ခိုင်းစေခန့်အပ်ထားတာ မဟုတ်ဘူး၊ အဲသည်လို အမိန့်သံနဲ့ ခိုင်းစေတာကိုလည်း မလိုလားဘူး၊ ဒါ့ကြောင့်မို့လို့ ကျွန်မတို့ သင်ချင်ရင် သင်မယ်၊ နုတ်ထွက်ချင်ရင် နုတ်ထွက်မယ်၊ နုတ်မထွက်ပါနဲ့လို့လည်း ဘယ်သူကမှ ကျွန်မတို့ကို တားဆီးလို့မရဘူး၊ ဒါ့ကြောင့် ဦးချိန်တင် သင်ချင်ရင် သင်ပါ၊ ကျွန်မတို့ကတော့ ဦးချိန်တင်သင်ရင် နုတ်ထွက်မယ်လို့၊ အဲ့သည်လိုတွေ ပြောကြတယ်ကို”
“ပြီးတော့လေ သူငယ်ချင်းတွေက ပြောကြသေးတယ်၊ ကျွန်မတို့ သည် ကြားကာလစာသင်ကျောင်းကို ဖွင့်ဖို့ စီစဥ်တော့ ဦးချိန်တင်ရဲ့ အကူအညီ ပါခဲ့ပေမယ့် သူက လေလှိုင်းကနေပဲ ပါဝင်ခဲ့တာလေ၊ လူချင်းတွေ့ဆုံပြီး ပါဝင်ခဲ့လို့လား၊ လူလုံးထွက်ပြီး မပြရုံမက ဘယ်နေရာမှာ နေနေတယ်ဆိုတာကိုတောင် ဖွင့်မပြောခဲ့ဘူးလေ”
“ကြားကာလကျောင်းဖွင့်ဖို့ စီစဥ်ပြီးသွားတော့လည်း သူက လာသင်မပေးခဲ့ဘူးလေ၊ သူပြောတာကတော့ ရောက်ရာအရပ်မှာလည်း စာသင်နေတာပါတဲ့၊ သင်ရိုးတစ်နှစ်စာ သင်လို့မပြီးသေးတဲ့အတွက် သင်လက်စကြီးကို ထားခဲ့လို့မရဘူးတဲ့၊ သင်ရိုးတစ်နှစ်စာ သင်ပြီးသွားခါမှ လာခဲ့ပါ့မယ်တဲ့၊ သူ အဲ့သည်လို ပြောခဲ့တယ်လေ၊ ဒါပေမယ့် သူပြောသလို လာသင်ခဲ့လို့လား၊ အခု ကျွန်မတို့ ၂ နှစ်စာတောင် သင်ပြီးသွားလို့ ၃ နှစ်စာအတွက်တောင် စတော့မယ်၊ မလာခဲ့ဘူးလေနော်၊ အခုမှ ရောက်လာတာ”
“မလာရတဲ့ အကြောင်းရင်းကို ပြောပြရမယ်ဆိုရင် သူဟာ ကြောက်နေလို့ပါပဲ၊ ဘေးနားမှာ ဝက်ချေးပျူစောထီးရွာကြီး ရှိနေသေးလို့လေ၊ သဘောကတော့ ဦးချိန်တင်ဟာ ကျွန်မတို့လောက်တောင် သတ္တိမရှိလို့လေ၊ သူက ဘေးကင်းရာမှာ ရှောင်နေပြီး ကျွန်မတို့ကို အန္တရာယ်ကြားထဲမှာ နေနေခိုင်းတာ၊ နောက်ဆုံး ဝက်ချေးပျူစောထီးရွာကို သိမ်းပိုက်ပြီးသွားတဲ့အခါမှ ပြန်လာလို့ ရပါပြီဆိုပြီး ချက်ချင်းပြန်လာတော့တာပဲ၊ အဲဒီလို ပြန်လာခါမှ ကျောင်းအုပ်ရာထူးကို ဝင်ယူမယ်ဆိုတာကြီးကို ဘယ်လိုပြောရမလဲဆိုရင် သူတစ်ပါးက ပင်ပင်ပန်းပန်း လုပ်ယူထားတဲ့အရာ၊ သူတစ်ပါးက အန္တရာယ်အသွယ်သွယ်ကြားကနေ မရရအောင် လုပ်ယူထားတဲ့အရာကို သူက ပင်ပင်ပန်းပန်းလုပ်နေချိန်မှာလည်း ဝင်မပါ၊ အန္တရာယ်ကြားထဲ ရောက်နေချိန်မှာလည်း ဘေးကနေ လက်ပိုက်ကြည့်နေပြီး အားလုံးအဆင်ချောသွားတဲ့အခါမှ အချောင်ဝင်ယူလိုက်တဲ့သဘောမျိုးပဲပေါ့၊ အဲဒါမျိုးကို ကျွန်မတို့အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူးရှင်”
အဝင်းထံမှ သည်လို အကြောင်းခြင်းရာ စုံစုံလင်လင်ကို ကြားသိရသောအခါ နဂိုက ညစ်ညူးနေသော စိတ်ကြောင့် မှိုင်တွေနေသော ထွန်းတောက်ထိန်၏ မျက်နှာကြီးသည် ရုတ်ချည်း ပြုံးရွှင်သွားလေတော့သည်။ အိုကွယ် အဝင်းဆိုသည်မှာကလည်း သူ့ချစ်သူ့ဘက်မှာ မားမားမတ်မတ် ရပ်တည်ပေးသူလေးပါလားနော်။ မည်သူမဆို ကိုယ့်ချစ်သူကို ပင်မြင့်ထက်မှာ စံမြန်းနေသည်ကိုပဲ မြင်ချင်မှာပဲလေ။ ပင်မြင့်ထက် စံမြန်းနေသူဟာ ငါ့ချစ်သူပါဆိုပြီး အများကြားမှာလည်း ဂုဏ်ယူဝင့်ကြွားချင်ကြမှာပဲလေ။ ကိုယ့်ချစ်သူကို အများတကာထက် သာလွန်နေစေချင်ကြပဲလေ။
သည့်အတွက်ကြောင့် ထွန်းတောက်ထိန်သည် ကိုကြံမောင်နှင့်အတူ ဦးချိန်တင်အိမ်သို့သွားကာ ပြုံးရွှင်သော မျက်နှာထားဖြင့် “ဆရာကြီးကို ရွာက စာသင်ကျောင်းမှာ စာသင်ပေးစေလိုပါတယ်ဆရာကြီး၊ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို လက်ခံပးပါ” တောင်းဆိုလိုက်သည်။ ဦးချိန်တင်ကလည်း မငြင်းပေ။ ချက်ချင်း ခေါင်းညိတ်ပြီး “သင်ပေးစေချင်ရင် သင်ပေးပါ့မယ်” ဟု ပြန်လည် တုံ့ပြန်သည်။
သည့်ကြောင့် တစ်နေ့တွင် ဆရာ ဆရာမများအားလုံး စုဝေးပြီး စာသင်ကျောင်းသစ်ထဲမှာပဲ ဆွေးနွေးဖို့ လုပ်ဖို့ စုဝေးကြသည်။ အစည်းအဝေးပွဲတွင် ထွန်းတောက်ထိန်၏ မျက်နှာသည် ပြုံးရွှင်နေသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေသည်။ အဝင်းနှင့် အဝင်းသူငယ်ချင်းတို့၏ မျက်နှာထားများကတော့ တင်းနေသည်။ အစည်းအဝေးပွဲအား ဦးချိန်တင်ကပဲ စတင်လိုက်သည်။
“ကျွန်တော့်ကို စာသင်ပေးဖို့ ဖိတ်ခေါ်တဲ့အတွက် ဆရာ ဆရာမတွေကို အရင်ဆုံး ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ၊ တကယ်ကို ကျေးဇူးအထူးတင်မိပါတယ်ဆရာ ဆရာမများခင်ဗျား၊ ဆရာ ဆရာမတို့ ဘာမှ မပြောကြသေးခင် ကျွန်တော်အရင်ဆုံး အကြံပေးချင်တာလေး ရှိပါတယ်၊ ကျွန်တော့်အမြင်မှာပေါ့၊ ယခု ကျွန်တော်တို့လို စိုးမိုးနယ်မြေတွေမှာ အများနဲ့အတူ လုပ်ကိုင်ရတဲ့ အလုပ်တွေရှိရင် CDM တွေကို ဦးစားပေးပြီး ခန့်အပ်သင့်တယ်လို့ ကျွန်တော်ထင်မြင်ပါတယ်”
ဦးချိန်တင်ပြောနေချိန်၌ ဒေါ်နီလာဆိုသူက အဝင်းအား နားအနားကပ်ပြီး ဘာမှတောင်မပြောရသေးဘူး အာဏာရှင်ဆန်နေပြီ မြင်လား ဟု ပြောလိုက်သည်ကို အဝင်းဘေးမှာ ရှိနေသော ထွန်းတောက်ထိန်က ကြားဖြစ်အောင် ကြားလိုက်သည်။
“ဘာလို့ဆို CDM ဆိုတာ အလုပ်အကိုင်ကို လက်လွှတ်ခဲ့ရသူမို့လို့လေ၊ ဒါ့ကြောင့်မို့ ပြည်သူတွေက CDM တွေကို ဦးစားပေးသင့်တယ်၊ ဒါ့ကြောင့်မို့လို့ ဒီရွာမှာ ရှိတဲ့ CDM တွေအကုန်လုံးကို ဘွဲ့ရမှန်ရင် ဆရာ ဆရာမအဖြစ် ခန့်အပ်သင့်တယ်လို့ ကျွန်တော် တင်ပြချင်ပါတယ်”
“ဆရာပြောချင်တာက လက်ရှိဆရာ ဆရာမတွေကို ထုတ်ပယ်ပြီး CDM တွေနဲ့ အစားထိုးရမယ်လို့ ဆိုလိုချင်တာလား”
ဒေါ်နီလာက ဝင်မေးလိုက်ခြင်းဖြစ်သည်။
“အဲ့အတွက် ကျွန်တော်တို့ အဆင်ပြေအောင် ဆွေးနွေးရမှာပါ၊ လက်ရှိ ဆရာ ဆရာမေတွကိုရော နစ်နာမှုမရှိစေမယ့် အဖြေကို ဆွေးနွေးကြရမှာပေါ့၊ အားလုံးရဲ့အကြံဉာဏ်ကိုယူပြီး ဆွေးနွေးကြရင် သင့်တော်မယ့် အဖြေကို ရပါလိမ့်မယ်”
“ဆရာပြောတာ မှန်ပါတယ်၊ CDM တွေ ကို ဦးစားပေးသင့်တာပါ၊ ဒါပေမယ့် လက်ရှိ ဒီရွာမှာ CDM ဆိုလို့ ဆရာရယ်၊ လေးလေးဖြူရယ်၊ ကိုဖေသွင်ရယ်ပဲ ရှိတယ်လေ၊ ကျန်တဲ့ CDM တွေက တစ်နယ်စီမှာ ရောက်နေတော့ အစားထိုးစရာ မလိုအပ်တော့ဘူးထင်တာပဲ၊ ဆရာက ဘယ် CDM ကို အစားထိုးစေချင်လို့လဲ”
ထွန်းတောက်ထိန်က ဝင်မေးလိုက်ခြင်းဖြစ်သည်။
“ဟုတ်ကဲ့၊ တစ်နယ်စီ ရောက်နေတဲ့ ဦးကြည်ဆန်းနဲ့ ဒေါ်ကြည်လင်ကို ပြန်ခေါ်သင့်တာပါ၊ ကျွန်တော်တို့ဘက်က ကမ်းလှမ်းမှု မလုပ်ဘူးဆိုရင် သူတို့ကတော့ ပြန်လာမှာမဟုတ်ဘူး၊ ဘာလို့ဆို CDM တွေက အခွင့်အရေးပေးပါလို့ တောင်းဆိုကြမှာမဟုတ်သလို တောင်းဆိုနေရမယ့်လူတွေလည်း မဟုတ်ဘူး၊ CDM တွေက မတောင်းဆိုခင်ကတည်းကကို ကျွန်တော်တို့ဘက်က အလိုက်တသိနဲ့ ကမ်းလှမ်းရမှာပါ”
“ကျွန်မကြားတာကတော့ ဦးကြည်ဆန်းရော ဒေါ်ကြည်လင်ရောဟာ ရောက်ရာအရပ်မှာ အိမ်ထောင်ကျပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ အဆင်ပြေနေပြီလို့ ကြားတာပါ၊ ဒီလိုအဆင်ပြေနေသူကို ကမ်းလှမ်းရမယ်ဆိုရင် ကျွန်မတို့ဘက်က သူတို့အဆင်ပြေနေမှုကို အနှောင့်အယှက်ပေးရာ ကျနေမှာပေါ့ရှင်၊ ဒါ့ကြောင့် ကျွန်မကတော့ ဦးကြည်ဆန်းနဲ့ ဒေါ်ကြည်လင်ကို ကမ်းလှမ်းဖို့ကို ကန့်ကွက်ပါတယ်ရှင်”
အဝင်းက ဝင်ပြောလိုက်ရာ ဒေါ်နီလာရော ဒေါ်ကြည်သာဆွေရောနှင့် တခြားဆရာမ သုံးယောက်ကလည်း ကျွန်မတို့လည်း ကန့်ကွက်ပါတယ် ဟု ဝင်ထောက်ခံကြ၏။ လေးလေးဖြူနှင့် တခြားဆရာမအချို့ကတော့ နှုတ်ဆိတ်နေကြ၏။
“ဪ ဒေါ်စန္ဒာဝင်းဝင်း ပြောတာကလည်း ယုတ္တိရှိပါတယ်၊ သို့သော်လည်း ဆရာမတို့ကြားထားသလို ဦးကြည်ဆန်းနဲ့ ဒေါ်ကြည်လင်တို့ အဆင်ပြေနေတာက တကယ် ဟုတ် မဟုတ် သေချာမသိရဘူးမလား၊ သည်တော့ ကျွန်တော်တို့ဘက်မှာက ကမ်းလှမ်းဖို့ကို အပြည့်အဝ တာဝန်ရှိနေပါတယ်၊ မကမ်းလှမ်းလို့ကို မဖြစ်တာပါ၊ ဒီတော့ အရင်ဆုံးကမ်းလှမ်းမယ်၊ ဒါမှ လက်မခံကြဘူးဆိုရင်တော့ အစားမထိုးဘဲ နေလိုက်ကြတာပါ”
“ဆရာပြောတာ ကောင်းမွန်ပါတယ်၊ အရင်ဆုံး ကမ်းလှမ်းပြီးမှ သူတို့လက်မခံရင် ဆက်ပြီး ဆွေးနွေးကြတာပေါ့ရှင်၊ ဦးကြည်ဆန်းနဲ့ ဒေါ်ကြည်လင်ကို မဖြစ်မနေကို ကမ်းလှမ်းရမယ်ဆိုတာက သိပ်ကို မှန်ကန်တာပေါ့၊ ဘာလို့ဆို သူတို့က ဆရာ ဆရာမတွေကိုး၊ ဆရာ ဆရာမတွေဆိုတော့ ကျွန်မတို့ကျောင်းမှာ မဖြစ်မနေကို ခန့်အပ်ရမှာပါ၊ မခန့်အပ်ဘဲ ခေါက်ထားရင် ပတ်ဝန်းကျင်အမြင်မှာ မတင့်တယ်ဘူးလေ”
လေးလေးဖြူက ဝင်ထောက်ခံလိုက်၏။ အဝင်းတို့တစ်သိုက်၏ မျက်နှာကတော့ စူထွာထွာ ဖြစ်သွားကြ၏။
“ဟုတ်ကဲ့၊ ကမ်းလှမ်းလိုက်လို့ ဦးကြည်ဆန်းနဲ့ ဒေါ်ကြည်လင်တို့က လက်ခံလိုက်တယ်ထား၊ သူတို့ရောက်လာရင် လက်ရှိ ဘယ်ဆရာ ဆရာမတွေကို ထုတ်ပယ်ကြမှာလဲဟင်၊ ဆယ်တန်းမအောင်တဲ့ ဆရာမတွေကို ထုတ်မှာလား”
ဒေါ်ကြည်သာဆွေက ဒေါ်သီတာနှင့် ဒေါ်စန္ဒာအောင်တို့ကို ရည်ရွယ်ပြီး ပြောလိုက်ခြင်းဖြစ်ရာ ဒေါ်သီတာနှင့် ဒေါ်စန္ဒာအောင်တို့သည် အားငယ်သော မျက်နှာထားဖြင့် မျက်လွှာကလေးများ ချသွားတော့သည်။ ဤသည်ကို ဒေါ်ကြည်သာဆွေကတော့ ဂရုမစိုက်သော လေသံဖြင့် ဆက်ပြောနေသည်။
” ကျွန်မကတော့ မထွက်နိုင်ဘူးနော်၊ ကျွန်မတို့က ဝက်ချေးပျူစောထီးရွာကြီး ရှိနေကတည်းက အသက်ပေးပြီး သင်ပေးလာခဲ့ကြတာလေ၊ အဲဒီတော့ ဦးကြည်ဆန်းနဲ့ ဒေါ်ကြည်လင်တို့က CDM ဖြစ်တာနဲ့ပဲ လက်ရှိဆရာမတွေက ဖယ်ပေးရမယ်ဆိုတာ မမျှတဘူးလို့ ထင်တာပဲ”
ဒေါ်ကြည်သာဆွေက ဝင်ပြောခြင်းဖြစ်သည်။
“အဲ့အတွက် မပူပါနဲ့၊ အရင်ဆုံး ကမ်းလှမ်းပြီးမှ ဆက်ဆွေးနွေးကြမယ်လို့ ကျွန်တော်ပြောပြီးသားပဲ၊ ကျွန်တော်အပါအဝင် ဦးကြည်ဆန်းရယ် ဒေါ်ကြည်လင်ရယ်က ကမ်းလှမ်းမှုကို လက်ခံလိုက်ရင်လည်း လက်ရှိ ဘယ်ဆရာမကမှ နုတ်မထွက်ရပါဘူး၊ ပညာရေးလောကမှာ ဆရာများလွန်းတယ်ဆိုတာ မရှိဘူးလေ၊ ဆရာများလေ ကောင်းလေပါပဲ၊ ပညာတတ် များများ ဦးဆောင်လေ ပညာတတ်တွေ ပေါ်ထွန်းလေးပါပဲ၊ ဆရာများလာတဲ့အတွက် လခကို နည်းနည်းတော့ လျှော့ယူရမှာလေး တစ်ခုပဲပေါ့”
“ဟုတ်ကဲ့၊ လစာကိစ္စကိုတော့ ကျွန်တော်မျှမျှတတရှိအောင် စီမံပေးနိုင်ပါတယ်၊ ဆရာပြောစရာရှိသေးရင် ဆက်ပြောပါဦး”
ထွန်းတောက်ထိန်က ဝင်ပြောလိုက်၏။
“ဟုတ်ကဲ့၊ ပြီးတော့ ဒီရွာမှာ CDM နောက်တစ်ဦး ရှိသေးတယ်လေ၊ သူက ကိုဖေသွင်ပေါ့”
“ကိုဖေသွင်လား၊ သူက နားလေးနေတယ်လေ၊ ကိုဖေသွင်ကို ဆရာက ဘယ်လိုလုပ်ဖို့ စိတ်ကူးရှိထားလို့လဲ”
ထွန်းတောက်ထိန်ကပဲ ဆက်ပြီး ဝင်မေးလိုက်သည်။
“ကိုဖေသွင့်ကို အကြားအာရုံ မသန်စွမ်းလို့ ပစ်ထားလို့လည်း မရဘူးလေ၊ သူလည်း CDM ဝန်ထမ်းပဲ၊ သူလည်း CDM ဖြစ်တဲ့အတွက် သူ့မှာလည်း အခွင့်အရေး အပြည့်အဝ ရပိုင်ခွင့်ရှိတယ်၊ ကိုဖေသွင်က ဘွဲ့ရတစ်ယောက်လည်း ဖြစ်တယ်၊ စာရေးဆရာလည်း ဟုတ်တယ်၊ သူက အကြားအာရုံ မသန်စွမ်းပေမယ့် ထူးချွန်သူတစ်ယောက်ဖြစ်တယ်။ သူ့မှာ အရည်အချင်းကောင်းတွေ အများကြီးရှိပါတယ်၊ အကြားအာရုံ မသန်စွမ်းလို့ဆိုပြီး သူ့ကို ပစ်ထားလိုက်ရင် သူ့ရဲ့အရည်အချင်းတွေက နှမြောစရာကောင်းတယ်”
ထိုစကားပြောနေချိန်၌ လေးလေးဖြူ၏ မျက်နှာအား ထွန်းတောက်ထိန် မသိမသာလေး ဖတ်လိုက်သည်။ လေးလေးဖြူက မျက်လွှာလေး ချထား၏။
“ဟုတ်ပါပြီ၊ ဆရာ ဘယ်လိုစိတ်ကူးရှိလဲပဲ ပြောကြည့်ပါဦး”
စိတ်မရှည်သော လေသံမပေါက်အောင် ထွန်းတောက်ထိန် မနည်းထိန်းပြောနေရသည်။
■ ထွင်
အပိုင်း ၁၇ ဆက်ရန်….







