မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း အတ္ထရံမြစ်ရေ ပြန်ကျသွားသော်လည်း ရပ်ကွက်၊ ကျေးရွာအချို့ ရေမြုပ်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ရှိလာပြီးဖြစ်သည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး အတ္ထရံမြစ်ရေ တိုးလာခြင်းကြောင့် ဩဂုတ်လ တတိယအပတ်ကစပြီး ကျိုက်မရောမြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးရွာ ၂၀ ကျော်တို့တွင် ရေကြီးရေလျှံခဲ့သည်။
ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၆၀၀၀ ကျော်က လူဦးရေ သုံးသောင်းကျော် ရေဘေးသင့်ခဲ့ပြီး ကျောင်းပေါင်း ၃၀ ကျော်လည်း ယာယီပိတ်ခဲ့ရသည်။
လက်ရှိတွင် ကျိုက်မရောမြို့နယ်အတွင်း မိုးရွာသွန်းမှု လျော့နည်းလာသည့်အပြင် အတ္ထရံမြစ်ရေလည်း ပြန်လည်ကျဆင်းလာကြောင်း ဒေသခံများက ဆိုသည်။
ထို့ကြောင့် ရေလွှမ်းမိုးခဲ့သည့် နေရာအချို့တွင် ရေပြန်ကျသွားသော်လည်း သုံးပုံနှစ်ပုံခန့်တွင် ရေကြီးနစ်မြုပ်နေဆဲဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။
“ရေတက်လာတော့ အိမ်တွေ မြုပ်တယ်။ ရွာ မြုပ်တယ်။ နေလို့မရတဲ့အိမ်တွေကတော့ ကယ်ဆယ်ရေးစခန်းကို ပြောင်းကြရတယ်။ နေလို့ရတဲ့အိမ်တွေက ဆက်နေကြတယ်။ အခု ရေ ပြန်ကျတော့၊ ပြန်လို့ရတဲ့လူတွေ ပြန်ကုန်ကြပြီ။ ရေမြုပ်နေဆဲ ရွာတွေဆိုရင် ပြန်မရသေးဘူး” ဟု ရေဘေးအကူအညီပေးနေသည့် ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။
ရေကြီးနစ်မြုပ်နေသည်မှာ နှစ်ပတ်ကျော် သုံးပတ်နီးပါး ကြာလာသည့်အတွက် စားရေး၊ သောက်ရေးအပြင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံတို့က ဆိုသည်။
ရေကြီးနစ်မြုပ်နေသည့် ကျေးရွာများကို ကယ်ဆယ်ရေးနှင့် အလှူရှင်တို့က သောက်ရေသန့်၊ ထမင်းထုပ်၊ စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းနေသော်လည်း လက်ရှိ ရေပြန်ကျနေပြီးဖြစ်သည့်အတွက် လှူဒါန်းမှုအချို့လည်း ရပ်နားသွားကြကြောင်း ဒေသခံများထံမှ သိရသည်။
“ရေတက်နေတာ ၁၅ ရက်၊ ရက် ၂၀ လောက်ရှိသွားပြီးလေ၊ မြစ်ရေက ကျတော့ ကျနေပြီ ဒါပေမဲ့ ရွာတွေ အများစုက ရေမြုပ်နေဆဲပဲ၊ ရေတွေ အကုန်ကျသွားဖို့က မိုးဆက်မရွာရင်တောင် တစ်ပတ် ၁၀ ရက်လောက်ကြာတတ်တယ်” ဟု ကျိုက်မရောဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်မရောမြို့နယ်အပြင် ဘီးလင်းမြို့နယ်အတွင်း၌လည်း ရေကြီးရေလျှံမှု ဖြစ်ပွားပြီး လူဦးရေ ထောင်နှင့်ချီ ရေဘေးသင့်ခဲ့ရသည်။







