ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း မင်းဒပ်ရွာတွင် ဖမ်းဆီးခံ စစ်ဘေးရှောင်များ ပြန်လွတ်

September 8, 2026

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ မင်းဒပ်ရွာသို့ ခေတ္တပြန်ဝင်လာစဉ် ဖမ်းဆီးခံရသည့် ဒေသခံစစ်ဘေးရှောင်များ ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။

မင်းဒပ်ကျေးရွာ ဒေသခံများသည့် စစ်ဘေးရှောင်နေရာမှာ စက်တင်ဘာလ ၇ရက် နံနက်တွင် ရွာသို့ ခေတ္တပြန်လာပြီး ဆန်စပါးနှင့် စားနပ်ရိက္ခာများ၊ အသုံးအဆောင်များ ဝင်ရောက်ယူဆောင်စဉ် စစ်အာဏာရှင်တပ်ဖွဲ့ ရောက်ရှိလာပြီး ဖမ်းဆီးထားခြင်း ဖြစ်သည်။

မင်းဒပ်ကျေးရွာဘုန်းကြီးကျောင်းတွင် ထိန်းသိမ်းထားခဲ့ပြီး စက်တင်ဘာလ ၇ရက ည ၈ နာရီခန့်တွင် အားလုံးပြန်လည် လွတ်မြောက်လာကြောင်း ပြန်လွတ်လာသူများ၏ မိသားစုဝင်အချို့က ဆိုသည်။

“ဖုန်းတွေတော့ သိမ်းယူသွားတယ်၊ ဖုန်းတွေပါသွားတယ်။ လူတွေတော့ ပြန်လွှတ်ပေးလိုက်တယ်” ဟု မင်းဒပ်ရွာက အမျိုးသမီးက ပြောဆိုသည်။

ဖမ်းဆီးခံရသည့် ဒေသခံ ၈၀ ခန့်ရှိပြီး ယင်းအနက် အမျိုးသား ခုနစ်ဦးကို နား၊ မျက်စိတို့ကို အဝတ်စည်းကာ မှောက်ခုံ နေခိုင်းထားကြောင်း ဒေသခံအချို့က ပြောသည်။

အမျိုးသားတစ်ဦးတွင်မူ ဖုန်းထဲတွင် ဓာတ်ပုံမှတ်တမ်းအချို့တွေ့သည်ဆိုပြီး ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ဒေသခံများကို စစ်အာဏာရှင်တပ်ဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ကိုမူ သေသေချာချာ မသိရကြောင်း ဒေသခံများက ပြောဆိုသည်။

မင်းဒပ်ရွာသည် မြိတ်-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းပေါ် စစ်အာဏာရှင်တပ်စခန်းရှိသည့် ဝင်းဝကျေးရွာနှင့် တံတားတစ်ခုသာခြားသည်။ မင်းဒပ် ဒေသခံများမှာ ၂၀၂၅ ခုနှစ် ဧပြီလတည်းက အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်။