မလေးရှားနိုင်ငံမှ ပြန်လည်ပို့ဆောင်ခံရပြီးနောက် ရန်ကုန်လေဆိပ်တွင် မိသားစုနှင့် အဆက်အသွယ်ပြတ်သွားသည့် ထားဝယ်ဒေသခံအမျိုးသားတစ်ဦး ပျောက်ဆုံးပြီး လေးရက်အကြာ ယနေ့ နံနက်တွင် အိမ်ပြန်ရောက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွားသား အသက် ၃၈ နှစ်အရွယ် ကိုတင်နှောင်းသည် စက်တင်ဘာလ ၂ ရက်တွင် မလေးရှား နိုင်ငံမှ လေယာဉ်ဖြင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့ရာ သွားရောက်ကြိုဆိုသည့် မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်ပြီး ပျောက်ဆုံးနေခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
ကိုတင်နှောင်း ရန်ကုန်လေဆိပ်သို့ ရောက်ရှိသည်ကို လေဆိပ် လဝက ၏ မှတ်တမ်းများအရ သိရှိခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
ကိုတင်နှောင်းသည် ရန်ကုန်လေဆိပ်သို့ ရောက်ရှိချိန်တွင် လူတစ်ဦး၏ အကူအညီဖြင့် ရန်ကုန်မြို့ရှိ အောင်မင်္ဂလာ အဝေးပြေးကားကွင်းသို့ ရောက်ရှိသွားသည်ဟု ကိုတင်နှောင်းထံမှ သိရကြောင်း ၎င်းက ဆိုသည်။
အောင်မင်္ဂလာအဝေးပြေးတွင် ထားဝယ်ဘက်သို့ ထွက်ခွာမည့် ကုန်တင်ကားတစ်စီးထံ အကူအညီတောင်းခံပြီး ထားဝယ် မြို့သို့ လိုက်ပါလာရာ ယနေ့ စက်တင်ဘာလ ၅ ရက် နံနက်စောစောတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း မိသားစုဝင် တစ်ဦးက ပြောဆိုသည်။
“သူ့မှာ ငွေနဲ့ ဆက်သွယ်စရာ ဖုန်းလည်း ဘာမှ မရှိလို့ အခုလိုဖြစ်သွားတာ” ဟု ၎င်းက ပြောသည်။
ကိုတင်နှောင်းနှင့် အဆက်အသွယ်မရချိန် မိသားစုက လူမှုကွန်ရက်တွင် အကူအညီတောင်းခံရာ မိသားစုဝင်များထံ ခြိမ်းခြောက် ငွေတောင်းခံမှုများ ကြုံရကြောင်း မိသားစုဝင်များထံမှ သိရသည်။
ကိုတင်နှောင်းသည် မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်မှုဖြင့် ပြီးခဲ့သည့် မတ်လက ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်ကျခံပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း မိသားစုထံမှ သိရသည်။







