ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မလေးရှားမှ ပြန်ပို့လိုက်သည့် ထားဝယ်ဒေသခံတစ်ဦး ရန်ကုန်လေဆိပ်တွင် ပျောက်ဆုံး

September 4, 2026

ထားဝယ်ဒေသခံ အမျိုးသားတစ်ဦး မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ချိန် ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရစဉ်ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှသိရသည်။

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာသား အသက် ၃၈ နှစ်အရွယ် ကိုတင်နှောင်းသည် မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေချိန် တရားမဝင် လုပ်ကိုင်မှုဖြင့် ပြီးခဲ့သည့် မတ်လခန့်က ဖမ်းဆီးခံရကြောင်း ဆိုသည်။

ယင်းနောက် ဩဂုတ်လကုန်ပိုင်းတွင် ပြန်လွတ်လာပြီး စက်တင်ဘာလ ၂ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ချိန် ရန်ကုန် လေဆိပ်တွင် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“လေဆိပ်မှ သွားစောင့်နေသေးတယ်။ ထွက်မလာလို့ စုံစမ်းတော့တဲ့အခါကျမှ လဝက မှာ ရောက်ထားကြောင်း အထောက်အထားတွေ့ရှိရတယ်” ဟု ၎င်းက ပြောဆိုသည်။

ကိုတင်နှောင်းသည် မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်လုပ်ကိုင်မှုဖြင့် ထောင် ခြောက်လခန့်ကျခံခဲ့ရပြီးနောက် ထားဝယ်နှင့် မြိတ် ဒေသခံများအပါအဝင် အခြားမြန်မာနိုင်ငံသား ၈၀ ကျော်နှင့်အတူ ပြန်ပို့ခံရခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

“အဲဒီနေ့က ထားဝယ်က တစ်ယောက်တော့ ပြန်လွတ်တဲ့ အထဲပါပြီး ပြန်ရောက်တယ်လို့သိရတယ်။ (ကိုတင်နှောင်း) သူက အဆက်အသွယ်မရတော့တာ” ဟု အထက်ပါမိသားစုဝင်ကပြောသည်။

ကိုတင်နှောင်းသည် ထောင်မှ ပြန်လွတ်လာပြီး နောက် မြန်မာပြည်သို့ပြန်လည်ရောက်ရှိရေးအတွက် ပွဲစားဖြင့် လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် ကိုတင်နှောင်းမှာ မည်သည့် နေရာတွင် ရောက်ရှိနေသည်ကို မသိရှိရ‌ သေးကြောင်း မိသားစုထံမှ သိရသည်။