ယခုနှစ် ဝါတွင်းကာလ ထားဝယ်မြို့မှာ ဥပသကာအဖွဲ့တွေ အစုံအလင် ပြန်ထွက်လာတယ်လို့ ဥပသကာအသင်းတွေက ဆိုပါတယ်။
ထားဝယ်မြို့တွင်းမှာ အခုနှစ်ဝါတွင်း လှည့်လည်အလှူခံနေတဲ့ ဘုရား၊ စေတီကိုယ်စားပြု၊ ရပ်ကွက်ကိုယ်စားပြု ဥပသကာအဖွဲ့ နှစ်ဆယ်ဝန်းကျင်ရှိတယ်လို့ Dawei Watch က စုစည်းထားတဲ့ အချက်အလက်အရ သိရပါတယ်။
အခုနှစ်မှာ ကိုဗစ်ကာလကတည်းက ကာလရှည်ကြာ ရပ်နားထားတဲ့ ရှင်ကိုးရှင်စာရင်းဝင် ရှင်ပင်ခရု၊ ရွှေဂူဘုရားသိမ် စတဲ့ ဥပသကာအဖွဲ့တွေလည်း ပြန်ထွက်လာပါတယ်။
လူအင်အား အခက်အခဲကြောင့် ရပ်နားထားခဲ့ရပြီး အခုနှစ်မှာ ဥပသကာအဖွဲ့ နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ရှိသမျှလူအင်အားနဲ့ ဥပသကာ ပြန်ထွက်ဖြစ်ခဲ့တာလို့ ရှင်ပင်ခရုဘုရား ဥပသကာအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ထားဝယ်မြို့မှာ ဥပသကာအဖွဲ့တွေဟာ ကိုဗစ်ကာလနဲ့ နိုင်ငံရေးပဋိပက္ခတွေအကြား သုံးနှစ်လောက် ရပ်နားခဲ့ရပြီး ၂၀၂၄ ခုနှစ်ခန့်မှစ၍ ပြန်လည်ထွက်လာကြတာလို့ ဥပသကာအသင်းများက ဆိုပါတယ်။









ကိုဗစ်ကာလနောက်ပိုင်း ဥပသကာ ပြန်ထွက်ဖြစ်တဲ့နှစ်တွေမှာ အခုနှစ်က ဥပသကာအဖွဲ့အရေအတွက် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
လူအင်အား၊ ငွေအင်အား အခက်အခဲကြောင့် အလှူခံမထွက်နိုင်သေးတဲ့ ဥပသကာအဖွဲ့တွေလည်း ရှိတယ်လို့ သိရပါတယ်။
ထွက်နေတဲ့ ဥပသကာအဖွဲ့တွေမှာလည်း အလှူခံရာမှာ လူငယ်တွေထက် ကလေးနဲ့ လူကြီးတွေသာ အများစု ပါဝင်နေတာကို တွေ့ရပါတယ်။ လူငယ်အများစုက စစ်မှုထမ်းဥပဒေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ထားဝယ်မြို့ပေါ်မှာ ဥပသကာအဖွဲ့တွေ ပြန်စုံလင်လာပေမဲ့ တောအဖိတ်နေ့လို့ ဒေသအခေါ် သတ်မှတ်လေ့ရှိတဲ့ အဖိတ်နေ့မတိုင်ခင်တစ်ရက်မှာ နယ် (ကျေးလက်) ဘက်ကနေ မြို့ပေါ်ကို လာအလှူခံလေ့ရှိတဲ့ ဥပသကာအဖွဲ့တွေကတော့ မြို့အဝင် စစ်ဆေးရေးဂိတ်နဲ့ သွားလာရေးအခက်အခဲတွေကြောင့် အလှူခံမထွက်နိုင်သေးဘူးလို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။
ထားဝယ်မြို့ပေါ်မှာ အလှူခံနေတဲ့ ဥပသကာအဖွဲ့တွေဟာ အလှူခံရရှိငွေတွေကို သူတို့ကိုယ်စားပြုထားတဲ့ ဘုရားဝေယျာဝစ္စနဲ့ ရပ်ကွက်ဓမ္မာရုံ ဝေယျာဝစ္စတွေအတွက် ပြန်အသုံးချလေ့ရှိတယ်လို့ ဆိုပါတယ်။
Photo – Dawei Watch







