ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒီတစ်ပတ်ရဲ့အာဂျင်တီးနားလိဂ် ပွဲစဉ်တွေမှာ ပွဲကစားချိန် ၁ မိနစ် ရပ်နားပြီး မက်ဆီ ကို ဂုဏ်ပြုမယ်

September 4, 2026

နိုင်ငံတကာ လက်ရွေးစင်ဘောလုံးသမားဘဝကနေ အနားယူပြီလို့ တရားဝင် ကြေညာခဲ့တဲ့ မက်ဆီ ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် အာဂျင်တီးနားလိဂ်ပွဲစဉ်တွေအားလုံးကို (၁၀) မိနစ်ပြည့်ရင် တစ်မိနစ်တိတိ ရပ်တန့်ပြီး လက်ခုပ်တီး ဂုဏ်ပြုစေမယ်လို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန် ကြေညာလိုက်ပါတယ်။

၂၀၂၂ ကာတာကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ်နဲ့ ဆွတ်ခူးရယူပေးခဲ့တဲ့ မက်ဆီ ဟာ အသက် ၃၉ နှစ်အရွယ် ရောက်လာခဲ့ပြီဖြစ်သလို မကြာသေးခင်ကပဲ သူ့အနေနဲ့ နိုင်ငံတကာ လက်ရွေးစင်ဘောလုံးသမားဘဝကနေ အပြီးတိုင် အနားယူပြီလို့ မက်ဆီက တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားပေးခဲ့တဲ့ မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ လာမယ့် တနင်္ဂနွေနေ့ လိဂ်ပွဲစဉ်တွေအားလုံးကို ပွဲကစားချိန် ၁၀ မိနစ်ရောက်တာနဲ့ ဒိုင်လူကြီးတွေက ပွဲကို ခေတ္တရပ်တန့်စေပြီး ပရိသတ်တွေနဲ့ ကစားသမားတွေအားလုံးက တစ်မိနစ်တိတိ လက်ခုပ်တီးဂုဏ်ပြုစေမယ်လို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် မက်ဆီ နောက်ဆုံး ပါဝင်ကစားပေးခဲ့တဲ့ ပွဲစဉ်ကတော့ ပြီးခဲ့တဲ့ဇူလိုင်လတုန်းက စပိန်ကို အရေးနိမ့်ခဲ့ရတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲပဲ ဖြစ်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပွဲထွက်ကစားခွင့်စုစုပေါင်း ၂၀၇ ပွဲနဲ့ စံချိန်တင်ခဲ့ပြီး နိုင်ငံတကာလက်ရွေးစင်သွင်းဂိုး ၁၂၅ ဂိုး အထိ ရယူထားသူဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလား တစ်ကြိမ်၊ ကိုပါအမေရိကဖလား နှစ်ကြိမ်တို့ကို ဆွတ်ခူးရယူနိုင်ခဲ့ပြီး တစ်ကိုယ်တော်အနေနဲ့ ဘလွန်းဒီအော်ဆုကြီးကိုလည်း ၈ ကြိမ်တိုင် မက်ဆီက သိမ်းပိုက်ရရှိခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက သူ့ရဲ့ ဖခင် ဂျော့ချ်မက်ဆီ ကွယ်လွန်သွားခဲ့ပြီးတဲ့နောက် မက်ဆီက ကစားသမားဘဝကနေ အနားယူတော့မယ့်စကားတချို့ အရိပ်အမြွက် ပြောကြားလာခဲ့ပြီး သူ့ရဲ့ဖခင် ကွယ်လွန်သွားခဲ့တာဟာ သူ့ရဲ့အပေါ် အရမ်းကို ကြီးမားလှတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်လာစေခဲ့ပြီလို့လည်း မက်ဆီက ဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။

မက်ဆီဟာ နိုင်ငံတကာလက်ရွေးစင် ကစားသမားဘဝဖြတ်သန်းမှူကနေ အနားယူလိုက်ပြီဖြစ်ပေမယ့် မေဂျာလိဂ် (MLS) ကလပ် အင်တာ မိုင်ယာမီအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ် သက်တမ်းကုန်ဆုံးမယ့် ၂၀၂၈ ရာသီ အကုန်အထိ ကလပ်အသင်း ဘောလုံးသမားဘဝကိုတော့ ဆက်လက် လျှောက်လှမ်းသွားဦးမှာဖြစ်တယ်လို့ဆိုပါတယ်။