ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ အယ်လ်နတ်စ်ဆာအသင်းရဲ့အသင်းခေါင်းဆောင် စီရော်နယ်ဒိုက နောက်ထပ် သွင်းယူရမယ့် ဂိုး ၂၂ ဂိုးအတွက် ရင်ခုန်မိသလို ဒီဂိုးတွေက သူ့ဘဝအတွက် အကြီးမားဆုံး အပြောင်းအလဲကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဘောလုံးသမိုင်းမှာ Official တရားဝင်သွင်းဂိုး ဂိုး တစ်ထောင်ပြည့်တဲ့ ပထမဆုံးကစားသမားဆိုတဲ့ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ရရှိဖို့အတွက် စီရော်နယ်ဒိုက သွင်းဂိုး ၂၂ ဂိုးသာ လိုအပ်ပါတော့တယ်။
အဲဒီသမိုင်းမှတ်တမ်းကို ရေးထိုးနိုင်ခဲ့ပြီးရင် စီရော်နယ်ဒိုက သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝဖြတ်သန်းမှုကို အဆုံးသတ်လိုက်ဖို့ နီးစပ်နေပါတယ်။
စီရော်နယ်ဒို ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝဖြတ်သန်းမှု ပထမဆုံးသွင်းဂိုးကို ၂၀၀၂ ခုနှစ်မှာ စတင်ရယူနိုင်ခဲ့ပြီး အဲဒီအချိန်တုန်းက သူ့ရဲ့အသက်ဟာ ၁၇ နှစ်ပဲ ရှိပါသေးတယ်။
လက်ရှိမှာ စီရော်နယ်ဒိုက အသက် ၄၁ နှစ်ရှိနေပြီဖြစ်သလို သူ သွင်းယူထားတဲ့ သွင်းဂိုးအရေအတွက်စုစုပေါင်းက ၉၇၈ ဂိုး ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ကစားသမားဘဝဖြတ်သန်းမှု ၂၄ နှစ်ကျော်ကာလရဲ့ ရင်ခုန်ရတဲ့ကာလအပိုင်းအခြားတစ်ခုဆီ ရောက်လာခဲ့ပြီဖြစ်သလို ပြီးပြည့်စုံတဲ့ သမိုင်းမှတ်တမ်းတစ်ခုနဲ့အတူ ကစားသမားဘဝဖြတ်သန်းမှုကို နှုတ်ဆက်ခွင့်ရချင်ကြောင်း စီရော်နယ်ဒိုက ထုတ်ဖော်ပြောကြားထားပါတယ်။
“ဒီသွင်းဂိုး ၂၂ ဂိုးက တကယ့်ကို စိတ်လှုပ်ရှားစရာဖြစ်လာမှာပါ။ တစ်ဂိုး ထပ်သွင်းလိုက်နိုင်တိုင်း ရည်မှန်းချက်နဲ့ ပိုနီးလာခဲ့ပြီဆိုတဲ့ခံစားချက်ဟာ ကျွန်တော့်ကို ခွန်အားအသစ်တွေ ပေးပါလိမ့်မယ်။ အသက်အရွယ်အရ ကျွန်တော့်ရဲ့ ကစားသမားဘဝ ဖြတ်သန်းမှုဟာ အချိန်အများကြီး မကျန်တော့ပါဘူး။ အကောင်းဆုံးတွေ လုပ်ပြပြီး အကောင်းဆုံးတွေ ချန်ထားရစ်နိုင်ဖို့ပဲ ကျွန်တော် ရည်စူးပါတယ်” လို့ စီရော်နယ်ဒိုက ပြောကြားထားပါတယ်။
စီရော်နယ်ဒိုဟာ လက်ရှိဘောလုံးရာသီက သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှု နောက်ဆုံးရာသီ ဖြစ်သွားနိုင်လောက်တယ်လို့လည်း အရိပ်အမြွက် အသိပေးထားပြီဖြစ်ပါတယ်။







