ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နာပိုလီကွင်းလယ်လူ မက်တိုမီနေး နှလုံးခွဲစိတ်မှု ခံယူရမယ်

September 3, 2026

မန်ယူကနေ နာပိုလီဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီးတဲ့နောက်ပိုင်း အီတလီမြေမှာ ကာလတိုအတွင်း နာမည်ထင်ပေါ်လာခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမား မက်တိုမီနေးဟာ နှလုံးခုန်နှုန်းမမှန်တဲ့ ဝေဒနာ ခံစားနေရတာကြောင့် အရေးပေါ် နှလုံးခွဲစိတ်ကုသမှု ခံယူရတော့မယ်လို့ နာပိုလီအသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက မက်တိုမီနေး ခံစားနေရတဲ့ နှလုံးဝေဒနာဟာ အသက်အန္တရာယ် မရှိနိုင်ဘူးလို့ ဖော်ပြပါတယ်။

ခွဲစိတ်ကုသပြီးတာနဲ့ လုံးဝကိုပဲ ပုံမှန်အတိုင်း ပြန်ဖြစ်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

နာပိုလီအသင်းရဲ့ ထုတ်ပြန်ချက်အရ မက်တိုမီနေးဟာ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ Cardiac Arrhythmia Ablation (PFA) နည်းလမ်းကို အသုံးပြုပြီးနှလုံးခွဲစိတ်မှုကို ခံယူသွားမှာ ဖြစ်တယ်လို့ နာပိုလီအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဗြိတိန် နှလုံးကုသရေးဖောင်ဒေးရှင်းရဲ့အဆိုအရ ဒီကုသမှုလုပ်ငန်းစဉ်ဟာ နှလုံးထဲက ချို့ယွင်းနေတဲ့အချက်ပြမှုတွေကို ပိတ်ဆို့ဖို့အတွက် အပူ ဒါမှမဟုတ် အအေး စွမ်းအင်ကို အသုံးပြုပြီး အမာရွတ်ငယ်လေးတွေ ဖန်တီးပေးကာ ပုံမှန် နှလုံးခုန်နှုန်းကို ပြန်လည် ဖော်ဆောင်ပေးတဲ့ နည်းပညာတစ်ခုဖြစ်တယ်လို့ သိရှိရပါတယ်။

ဒီလို ခွဲစိတ်ကုသမှုခံယူရမှာဖြစ်လို့ မက်တိုမီနေး ဟာ နိုင်ငံတကာပွဲစဉ်တွေ ကစားရမယ့် သီတင်းပတ် ပြီးဆုံးတဲ့အထိ အနားယူရဖို့ ရှိနေပြီး စကော့တလန်လက်ရွေးစင်အသင်းရဲ့ နည်းပြသစ် ပိုကော့ဂ်နိုလီရဲ့ လက်အောက်မှာ ကစားရမယ့် ပထမဆုံးပွဲစဉ် လေးပွဲစလုံးကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

မက်တိုမီနေး ဟာ နာပိုလီက ကိုမိုကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ စနေနေ့က စီးရီးအေပွဲစဉ်မှာ ပွဲကစားချိန် ၅၆ မိနစ်အရောက် လူစားလဲခံခဲ့ရပြီးတဲ့နောက် အခုလို ကျန်းမာရေးဆိုင်ရာသတင်းထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။