ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အသက် ၁၀၆ နှစ်အရွယ် ထိုင်းအဘိုးအို World Masters ပြိုင်ပွဲကြီးမှာ ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးပြီး သမိုင်းသစ်ရေးထိုး

September 3, 2026

ထိုင်းအဘိုးအို ဆာဝမ်ဂျန်ပရမ်ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့မှာ ကျင်းပနေတဲ့ ၂၀၂၆ ခုနှစ် World Masters Athletics Championships ပြိုင်ပွဲကြီးမှာ ရွှေတံဆိပ် နှစ်ခုကို ဆွတ်ခူးလိုက်ပါတယ်။

အသက်အရွယ်ဆိုတာ ကိန်းဂဏန်းသက်သက်ပါပဲဆိုတာကို ထိုင်းအဘိုးအို ဆာဝမ်ဂျန်ပရမ်က သက်သေပြသွားခဲ့တာပါ။

ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံး အားကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တဲ့ အဘိုးအို ဆာဝမ်ဂျန်ပရမ်ဟာ ဩဂုတ်လ ၂၇ ရက်မှာ ကျင်းပခဲ့တဲ့ သံပြားဝိုင်းပစ် အားကစားနည်းကနေ ပထမဆုံး ရွှေဆုကို ရယူပြခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ သူ အရင်တုန်းက စွမ်းဆောင်ပြခဲ့တဲ့ ၇ ဒသမ ၅၀ မီတာ မှတ်တမ်းကို ၇ ဒသမ ၅၉ မီတာ စံချိန်သစ်နဲ့ ချိုးဖျက်ပြီး ရွှေဆုကို ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယ ရွှေတံဆိပ်ဆုကိုတော့ ဩဂုတ်လ ၂၉ ရက်မှာ ကျင်းပခဲ့တဲ့ လှံတံပစ် အားကစားနည်းကနေ ရရှိခဲ့တာဖြစ်ပြီး ပထမအကြိမ် ပစ်လွှတ်မှုမှာတင်၁၀ ဒသမ ၀၄ မီတာ အထိ စံချိန်တင် ရယူနိုင်ခဲ့ကာ ရွှေဆုထပ်ရခဲ့တာဖြစ်ပါတယ်။

အသက် ၁၀၀ ကျော်တွေအတွက် သတ်မှတ်ပေးထားတဲ့ အားကစားနည်းအမျိုးအစားတွေမှာ တစ်ယောက်တည်းသော ဝင်ရောက်ယှဉ်ပြိုင်သူ ဖြစ်ပေမယ့် တရားဝင် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအတိုင်း အပြည့်အဝ ဝင်ရောက်ယှဉ်ပြိုင် အောင်ပွဲခံနိုင်ခဲ့သူဖြစ်လို့ ရွှေဆုတွေ ပေးလိုက်တာဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ကြေညာထားပါတယ်။

ပွဲစီစဉ်သူတွေဟာ အဘိုးအိုဆာဝမ် ဂျန်ပရမ် ကို ပြိုင်ပွဲရဲ့ အသက်အကြီးဆုံး ပါဝင်ယှဉ်ပြိုင်သူအဖြစ် အထူး ဂုဏ်ပြုဆုလည်း ချီးမြှင့်ပေးခဲ့ကြပါတယ်။

အံ့သြစရာကောင်းတာက အဘိုးအို ဆာဝမ်ဂျန်ပရမ်ဟာ အသက် ၈၀ ပြည့်မှ ကိုယ်လက်လှုပ်ရှားမှုနဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန် စတင်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

အခုအချိန်မှာ အသက် ၇၄ နှစ် ရှိနေပြီဖြစ်တဲ့ သူ့ရဲ့သမီးဖြစ်သူ သိရီပန်က တိုက်တွန်းလို့ အသက် ၉၇ နှစ်အရွယ်ကိုရောက်မှ Masters ပြိုင်ပွဲကို အဘိုးအို ဆာဝမ်ဂျန်ပရမ်က ပထမဆုံး စတင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် ကမ္ဘာတစ်ဝန်းမှာကျင်းပတဲ့ပြိုင်ပွဲတွေကနေပြီး အဘိုးအို ဆာဝမ်ဂျန်ပရမ် ဆွတ်ခူးရရှိထားတဲ့ ဆုတံဆိပ်တွေက ၈၀ ဝန်းကျင် ရှိလို့နေပါပြီ။

၂၀၂၆ ခုနှစ် World Masters Athletics Championships ပြိုင်ပွဲကြီးမှာ ရွှေတံဆိပ် နှစ်ခုကို ဆွတ်ခူးနိုင်ခဲ့တာနဲ့ပတ်သက်လို့ အဘိုးအို ဆာဝမ်ဂျန်ပရမ်က “အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဆုလည်း ရခဲ့လို့ အရမ်းပဲ ကျေနပ်ပီတိဖြစ်ရပါတယ်”လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။