ဘောလုံးလောကရဲ့ သက်ရှိ ဂန္ထဝင်ကြီး လီယွန်နယ် မက်ဆီ ဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကစားသမားဘဝဖြတ်သန်းနေမှုကို အဆုံးသတ်ပြီး နိုင်ငံတကာလက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီလို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပွဲစဉ် စုစုပေါင်း ၂၀၇ ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၁၂၅ ဂိုး အထိ သွင်းယူကာနိုင်ငံရဲ့ ဂိုးသွင်းအများဆုံးနဲ့ ပွဲအများဆုံး ကစားသမားအဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်စေခဲ့သလို ကိုပါအမေရိကဖလားကိုလည်း အသင်းနဲ့အတူ နှစ်ကြိမ်တိုင် ဆွတ်ခူးရရှိခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက်မှာ သွင်းဂိုးအများဆုံးကစားသမားစာရင်းရဲ့ ဒုတိယနေရာကို မက်ဆီက ရရှိပိုင်ဆိုင်ထားပြီး အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ သူ သွင်းယူရရှိခဲ့တဲ့ ကမ္ဘာ့ဖလားသွင်းဂိုးအရေအတွက်က ၂၁ ဂိုး ရရှိခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုးဖန်တီးပေးပို့မှုအများဆုံး ကစားသမားစာရင်းမှာတော့ မက်ဆီ က ထိပ်ဆုံးနေရာကို ပိုင်ဆိုင်ရရှိထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီရဲ့ ဂိုးဖန်တီးပေးနိုင်မှု အကြိမ်အရေအတွက်စုစုပေါင်းက ၁၂ ကြိမ် ရှိထားပါတယ်။
နိုင်ငံတကာသွင်းဂိုး ကမ္ဘာ့စံချိန်စာရင်းမှာတော့ မက်ဆီ ဟာ သွင်းဂိုး ၁၂၅ ဂိုးနဲ့ ဒုတိယနေရာကို ရရှိထားပါတယ်။ ထိပ်ဆုံးနေရာမှာ ရပ်တည်နေသူက နိုင်ငံတကာသွင်းဂိုး ၁၄၆ ဂိုးအထိ ရရှိထားတဲ့ မက်ဆီရဲ့ ပြိုင်ဘက် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒို ဖြစ်ပါတယ်။
“အချိန်တွေ ကုန်ဆုံးလာခဲ့ပါပြီ။ အခန်းကဏ္ဍတွေ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါက ကျွန်တော့်အတွက် နက်နက်ရှိုင်းရှိုင်း နာကျင်ခံစားရတဲ့ အချိန်ကာလပါပဲ။ ကျွန်တော့်ဘက်က အရာအားလုံးကို အစွမ်းကုန် ပေးဆပ်ခဲ့ပြီးပါပြီ။ နောက်ထပ် ပေးစရာ ဘာမှ မကျန်တော့ပါဘူး။ထူးချွန်ထက်မြက်တဲ့ လူငယ်ကစားသမားတွေ အများကြီး ထွက်ပေါ်လာနေပြီဖြစ်လို့ သူတို့အတွက် အခွင့်အရေး ပေးရမယ့်အချိန်ရောက်လာပါပြီ” လို့ မက်ဆီက သူ့ရဲ့နှုတ်ဆက်စာထဲမှာ ရေးသားဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ အသက် ၆၈ နှစ်အရွယ် ဖခင်ဖြစ်သူ ဂျော့ချ်မက်ဆီ ရောဂါဝေဒနာနဲ့ကွယ်လွန်သွားခဲ့မှုက သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် ပိုမို ခိုင်မာသွားစေခဲ့တယ်။ ဇူလိုင်လ ၂၁ရက်နေ့ (ကမ္ဘာ့ဖလားဖိုင်နယ်မှာ စပိန်ကို ရှုံးနိမ့်ပြီး နှစ်ရက်အကြာ) ကတည်းက ဒီအနားယူမယ့်စာကို ရေးသားထားခဲ့တာဖြစ်တယ်လို့ မက်ဆီ က အသိပေးထားပါတယ်။
မက်ဆီ ဟာ အာဂျင်တီးနားအသင်းနဲ့အတူ လက်ရွေးစင်ကစားသမားဘဝကို ၂၁ နှစ်တိုင် ဖြတ်သန်းခဲ့ပြီး ၂၀၁၆ ခုနှစ် ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ချီလီကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မက်ဆီ က နိုင်ငံတကာ ကစားသမားဘဝဖြတ်သန်းမှုကနေ အနားယူပြီလို့ ပထမတစ်ကြိမ် ထုတ်ပြန်ကြေညာခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီဆုံးဖြတ်ချက်ကို မက်ဆီက ပြန်လည်ပြင်ဆင်ပြီး အာဂျင်တီးနားအသင်းအတွက် ပြန်ကစားခဲ့ပါတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မက်ဆီ ဟာ လက်ရွေးစင်ကစားသမားဘဝဖြတ်သန်းမှုကို အပြီးအပြတ် ရပ်နားလိုက်တာဖြစ်ဖွယ်ရှိတယ်လို့ BBC Sports က ရေးသားထားပါတယ်။
လက်ရွေးစင်ကစားသမားဘဝဖြတ်သန်းမှုကို အနားယူလိုက်ပေမယ့် အမေရိကန်မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီ အသင်းမှာတော့ ကလပ်အသင်းကစားသမားဘဝကို ဆက်လက်ဖြတ်သန်းသွားဦးမှာပဲဖြစ်တယ်လို့ မက်ဆီက အသိပေးထားပါတယ်။
“လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလထဲမှာ ချစ်ခင်အားပေးခဲ့ကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကွင်းထဲကနေ ခင်ဗျားတို့ရဲ့ အားပေးသံတွေကို ကျွန်တော် အရမ်းလွမ်းနေရတော့မှာပါ။ အခုတော့ ကျွန်တော်လည်း ခင်ဗျားတို့လိုပဲ ဘေးကနေ အမြဲတမ်းအားပေးတဲ့ ပရိသတ်တစ်ယောက် ဖြစ်သွားပါပြီ။ ကျွန်တော်တို့ အိပ်မက်တွေ အတူတူ ဖန်တီးခဲ့ရတဲ့ အချိန်တွေကိုဂုဏ်ယူဝမ်းမြောက်စွာနဲ့ အမှတ်ရနေမှာပါ။ အားလုံးကို ကျွန်တော် ချစ်ပါတယ်” လို့လည်း မက်ဆီက သူ့ရဲ့နှုတ်ဆက်စာမှာ ထည့်သွင်းရေးသားဖော်ပြထားပါတယ်။







