ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘာကိုလာ ကို ပေါင်သန်း ၁၂၀ နဲ့ ခေါ်ယူနိုင်ဖို့ လီဗာပူး နီးစပ်သွားပြီ

August 28, 2026

လီဗာပူးအသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာကိုလာ ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၂၀ နဲ့ ခေါ်ယူနိုင်ဖို့ အရမ်းပဲ နီးစပ်သွားပြီလို့ BBC Sports က ဖော်ပြထားပါတယ်။

လီဗာပူးနဲ့ ပီအက်စ်ဂျီတို့အကြားမှာ ဘာကိုလာ အပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် ဆွေးနွေးမှုတွေက နောက်ဆုံးအဆင့်ဆီ ရောက်နေပြီဖြစ်သလို အပြုသဘောဆောင်တဲ့တိုးတက်မှုတွေ အဆက်မပြတ်ရှိနေတာကြောင့် ဘာကိုလာ ဟာ လီဗာပူးဆီ ပြောင်းရွှေ့ရောက်ရှိလာဖို့ နီးစပ်လာခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ အစောပိုင်းက ဘာကိုလာရဲ့တန်ကြေးကို ပေါင် ၁၄၅ သန်း သတ်မှတ်တောင်းဆိုနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ လီဗာပူးက ကနဦးပြောင်းရွှေ့ကြေးပမာဏ သန်း ၁၀၀၊ ကစားသမားရဲ့ စွမ်းဆောင်ရည်နဲ့ အသင်းအောင်မြင်မှုအပေါ်မူတည်ပြီး ထပ်ဆောင်း ပေါင်သန်း ၂၀ နဲ့ ‌ညှိနှိုင်းလိုက်တာဖြစ်ပါတယ်။

လီဗာပူးဟာ တူရကီကလပ် ထရက်ဇွန်စပေါဆီကို ပြောင်းရွှေ့ထွက်ခွာသွားပြီဖြစ်တဲ့ တိုက်စစ်မှူး ဆာလားဟ်ရဲ့ကွက်လပ်ကို အစားပြန်ဖြည့်ဖို့အအတွက် တိုက်စစ်မှူးသစ်တစ်ယောက် ရှာဖွေနေပြီး ဘာကိုလာ ကို ပထမဦးစားပေးအနေနဲ့ လီဗာပူးဘက်က သတ်မှတ်ထားတယ်လို့ BBC Sports က ရေးသားထားပါတယ်။

ဘာကိုလာ အပြောင်းအရွှေ့အတွက် လီဗာပူးအသင်းပိုင် Fenway Sports Group လုပ်ငန်းစုရဲ့ ဥက္ကဌ မိုက်ခ်ဂေါ်ဒွန် နဲ့ အားကစားဒါရိုက်တာ ရစ်ချတ် ဟျူးဂျက်စ်တို့က ဦးဆောင်ပြီး ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာဖြစ်ပါတယ်။

တကယ်လို့ အပြောင်းအရွှေ့ဖြစ်မြောက်သွားခဲ့ရင် ဘာကိုလာ ကို လီဗာပူးရဲ့ခေါ်ယူမှုက အက်စတွန်ဗီလာကစားသမား မော်ဂန် ရော်ဂျားစ် ကို ပြောင်းရွှေ့ကြေး ပေါင် ၁၁၇ သန်းနဲ့ ခေါ်ယူထားတဲ့ ချယ်လ်ဆီးရဲ့ဆောင်ရွက်ထားမှုကို ကျော်တက်ပြီး လက်ရှိ နွေဈေးကွက်ရဲ့အကြီးမားဆုံး ကစားသမားခေါ်ယူမှု ဖြစ်လာဖို့ ရှိနေပါတယ်။

အသက် ၂၃ နှစ်အရွယ် ဘာကိုလာ ဟာ လိုင်ယွန်လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ကစားသမားဖြစ်ပြီး ပီအက်စ်ဂျီဆီမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ဘောလုံးရာသီ သုံးရာသီဖြတ်သန်းမှုမှာ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ပြင်သစ်လီဂူး-၁ အမှတ်ပေးချန်ပီယံဆု သုံးကြိမ် ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။