ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းမှာ စစ်အာဏာရှင်တပ် လူသားဒိုင်းဖမ်းခေါ်နေချိန် PDF ကို အပြစ်လွှဲချတဲ့ ဖြန့်ချိချက်အပေါ် စိစစ်ချက်

August 31, 2026

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ သြဂုတ်လဆန်းပိုင်းကပင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေပါတယ်။ စစ်ကြောင်းထိုးရာမှာ စစ်အာဏာရှင်တပ်က အရပ်သားတွေကို လူသားဒိုင်းသဖွယ် ဖမ်းခေါ်တာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလို လုပ်ဆောင်နေချိန် စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုမှာ တော်လှန်ရေးတပ်တွေက အရပ်သားတွေကို လူသားတံတိုင်းအဖြစ်ဖမ်းဆီးပြီး ထွက်ပြေးနေ တယ်လို့ ရေးသားဖြန့်ချိနေကြပါတယ်။

Subscriber တစ်သိန်းခွဲကျော်ရှိတဲ့ မှိုင်းဝေ နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က သြဂုတ်လ ၂၄ ရက်မှာ ဖြန့်ချိခဲ့တာပါ။

ဖြန့်ဝေထားတဲ့ လင့်ခ် – https://archive.ph/lhd8g

အဲဒီလို ဖြန့်ချိတာနဲ့ ပတ်သက်လို့ Myanmar Fact-checking Netwok အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ မြေပြင်အချက်အလက်တွေနဲ့ ကွဲလွဲနေတာကို စိစစ်တွေ့ရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကြောင်းထိုးလို့ ဒေသခံတွေထွက်ပြေးနေရ

သရက်ချောင်းမြို့နယ်ထဲမှာ ဩဂုတ်လ ၁၀ ရက်ကစပြီး စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်း၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ ထီးဝ၊ အင်းမ၊ ပဒတ်ချောင်း အပါအဝင် ကျေးရွာ ၁၀ ကျော်က ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ Dawei Watch သတင်းဖော်ပြခဲ့ပါတယ်။

ဒေသခံတချို့မှာ ထားဝယ်မြို့ပေါ်နှင့် ရှင်မုတ္ထီး၊ ညောင်ဇင်ကျေးရွာတွေကို တိမ်းရှောင်နေကြပြီး အများအပြားကတော့ ဥယျာဉ်ခြံနဲ့ တောတောင်ထဲ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဥယျာဉ်ခြံနဲ့ တောတောင်ထဲ တိမ်းရှောင်နေရတဲ့ ရက်ကြာလာချိန် နေထိုင်ရေး၊ စားသောက်ရေး အခက်အခဲများစွာ ကြုံတွေ့နေရပါတယ် ။

Dawei Watch သတင်းလင့်ခ် – https://shorturl.at/URvMU

အဲဒီလို စစ်ကြောင်းထိုးနေလို့ သရက်ချောင်းမှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံဦးရေ ထောင်ချီရှိတယ်ဆိုပြီး တနင်္သာရီတိုင်းက သတင်းတွေကို ဖော်ပြလေ့ရှိတဲ့ မွန်အခြေစိုက် သံလွင်တိုင်းမ်သတင်းဌာနကလည်း ဖော်ပြပါတယ်။

သံလွင်းတိုင်းမ် သတင်းလင့်ခ် – https://shorturl.at/UtAPH

စစ်ကြောင်းထိုးတာကြောင့် သရက်ချောင်းမှာ ကျေးရွာ ၁၀ ရွာထက်မနည်း စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာ အရေးပေါ်လိုအပ်နေတယ်လို့ KIC သတင်းဌာနကလည်း ဖော်ပြပါတယ်။ KIC ဟာ Myanmar Fact-checking Network အဖွဲ့ဝင် ဖြစ်ပါတယ်။

KIC သတင်းလင့်ခ် – https://shorturl.at/FJ9Hm

နှစ်ဖက်ထိတွေ့တိုက်ပွဲ တွေရှိခဲ့

သရက်ချောင်းမှာ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးလာချိန် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

သရက်ချောင်းမြို့နယ်၊ ပဒတ်ချောင်းရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဩဂုတ်လ ၁၈ ရက် မွန်းလွဲပိုင်းမှာ ၂ နာရီလောက်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွာတာပါ။

အဲဒီအကြောင်းအရာ ဖော်ပြထားတဲ့ Dawei Watch က သတင်းလင့်ခ် – https://shorturl.at/jJuHS

သြဂုတ်လ ၂၁ ရက်မှာလည်း သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာနဲ့ မိုးရွှေကုန်းရွာကြားမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ တစ်ကြိမ် ထပ်ရှိခဲ့ပြီး နှစ်ဖက်ထိခိုက်တာအပြင် ဒေသခံတွေပါ ထိခိုက်မှုရှိတယ်လို့ဆိုပါတယ်။

Dawei Watch က ဖော်ပြတဲ့ ကင်းရှေ့ ၊ မိုးရွှေကုန်းတိုက်ပွဲ သတင်းလင့်ခ် – https://shorturl.at/FKZhS

စစ်အာဏာရှင်တပ် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးခဲ့တဲ့ သရက်ချောင်းမြို့နယ်ထဲက ရွာတွေမှာ အမျိုးသားနှစ်ဦး အသတ်ခံရပြီး ဒေသခံ ဆယ်ဂဏန်းဟာလည်း လူသားဒိုင်းသဖွယ် ဖမ်းဆီးခေါ်ဆောင်ခံရတာ၊ နှိပ်စက်ခံရတာတွေ ရှိခဲ့ပါတယ်။

သြဂုတ်လ ၁၀ ရက်ကစပြီး သရက်ချောင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အာဏာရှင်တပ်ဟာ ကင်းရှေ့ရွာ ရောက်ရှိချိန် ရွာထဲက ဒေသခံတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တချို့ကို ပြန်လွှတ်ခဲ့ပေမယ့် ခုနစ်ဦးလောက်ကိုတော့ စော်ဖျားရွာဘက်ကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းခေါ်ခံရတဲ့အထဲက အသက် ၅၃ နှစ်အရွယ် ဦးစိုးထွန်း ကို သတ်ဖြတ်ပြီး ရုပ်အလောင်းကို စော်ဖျားရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း မြေမြှုပ်ထားခဲ့တယ်လို့ ဒေသခံတွေ ဆိုပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watchက ဖော်ပြတဲ့ သတင်းလင့်ခ် – https://shorturl.at/IWOQB

ဩဂုတ်လ ၂၃ရက်ကလည်း ဦးခေါင်ကျည်ထိမှန် ဒဏ်ရာနဲ့ သေဆုံးနေတဲ့ စော်ဖျားရွာသားတစ်ဦးရဲ့ ရုပ်အလောင်းကို ရွာသားတွေရှာဖွေတွေ့ရှိခဲ့ ပါသေးတယ် ။

တွေ့ရှိရတဲ့ရုပ်အလောင်းက စစ်ကြောင်းထိုးစဉ် နေအိမ်ခြံဝန်းအနီး လယ်ကွင်းအစပ်ရှိ ဝါးရုံမှာ မျစ်သွားချိုးမယ်လို့ဆိုပြီး ထွက်သွားရာကနေပျောက်ဆုံးခဲ့တဲ့ အသက် ၄၀ ကျော်အရွယ် ဦးပစ်တစ် (အိမ်ခေါ်နာမည်) ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူအမျိုးသားဟာ စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်သတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Dawei Watchက ဖော်ပြတဲ့ သတင်းလင့်ခ် – https://shorturl.at/n5D6C

ဒါ့အပြင် သရက်ချောင်းမြို့နယ်မှာ စစ်အာဏာရှင်တပ် စစ်ကြောင်းဟာ အရပ်သား ပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး လမ်းပြအဖြစ်စေခိုင်းတာ၊ ထမင်းချက်ခိုင်းတာ၊ ရိုက်နှက်ညှင်းပန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဒေသခံအရပ်သားတွေ ပိုင်ဆိုင်တဲ့ ကား၊ ထော်လာဂျီနဲ့ ဆိုင်ကယ် အစီး ၃၀ ကျော်ကို ယူဆောင်သွားသလို့ ကျေးရွာ နှစ်ရွာက နေအိမ် ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်လင့်ခ် – https://shorturl.at/zkBZN

စိစစ်တွေ့ရှိ သုံးသပ်ချက်

သရက်ချောင်းမြို့နယ်ထဲမှာ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးချိန် အရပ်သားတွေကို ဖမ်းဆီးပြီး လူသားဒိုင်းသဖွယ် ခေါ်ဆောင်တာ၊ ရိုက်နှက်ညှင်းပန်းတာ၊ သတ်ဖြတ်တာ၊ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ယူဆောင်တာတွေကို စိစစ်တွေ့ရှိ ရပါတယ်။

စစ်အာဏာရှင်တပ် အရပ်သားပြည်သူတွေအပေါ် ပြစ်မှုတွေကျူးလွန်နေချိန် စစ်အုပ်စု ဝါဒဖြန့်ချန်နယ်ကတော့ စစ်အာဏာရှင်တပ်ရဲ့ လုပ်ရပ်တွေကို ဖုံးကွယ် တော်လှန်ရေးတပ်ဖွဲ့တွေ ပုံဖျက်ဖို့ အချိန်ကိုက် သတင်းအမှား ဖြန့်ချိတာ အဖြစ် တွေ့ရှိရပါတယ်။

အခုနှစ် မတ်လကလည်း သရက်ချောင်းမှာ တိုက်ပွဲပြင်းထန်ချိန် အရပ်သားတွေ သတ်ဖြတ်ခံရတာကို အပြစ်လွှဲချဖို့ စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေကကြိုးပမ်းခဲ့တာကို Dawei Watch အချက်အလက်စိစစ်ထားပါတယ်။

လင့်ခ် – https://shorturl.at/FyPBf

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact-Checking Network နဲ့ Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက် စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။