ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆာကပေါတပ်ရင်းကို KTLA ထုတ်ပယ်

August 31, 2026

တနင်္သာရီတိုင်းတွင် အခြေစိုက်လှုပ်ရှားသည့် ဆာကပေါတပ်ရင်းတစ်ခုလုံးကို ကော်သူးလေတပ်မတော်-KTLA က ထုတ်ပယ်ကြောင်း ဩဂုတ်လ ၂၈ ရက်တွင် ထုတ်ပြန်သည်။

တနင်္သာရီတိုင်းတွင် တပ်ရင်းမှူး ဗိုလ်အဲဖိုး (အယ့်ဖိုး) ဦးဆောင်သည့် ဆာကပေါတပ်ရင်းနှင့် တပ်မမှူး ဗိုလ်မှူးချုပ် ဗိုလ်အယ်ခွီး ဦးဆောင်သည့် ဆာကဆောတပ်မတို့ အခြေစိုက်လှုပ်ရှားသည်။

တပ်မမှူး ဗိုလ်အယ်ခွီးဦးဆောင်သည့် ဆာကဆောတပ်မသည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း၊ တပ်များနှင့် ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားသလို ဖမ်းဆီးသတ်ဖြတ်မှုများလည်း ရှိနေသည်။

တပ်ရင်းမှူး ဗိုလ်အဲဖိုးဦးဆောင်သည့် ဆာကပေါတပ်ရင်းမှာမူ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄)၊ တပ်မဟာ (၆) လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များနှင့် စစ်ဆင်ရေးအရ ပူးပေါင်းဆောင်ရွက် ကြောင်း နှစ်ဖက်တပ်များထံမှ သိရသည်။

မေလ ၄ ရက်တွင် ဆာကပေါတပ်ရင်းက တပ်ရင်းမှူး ဗိုလ်အဲဖိုး အပါအဝင် တပ်ခွဲမှူး တစ်ဦး၊ ဒုတပ်ခွဲမှူး တစ်ဦး၊ တပ်စုမှူး သုံးဦး စုစုပေါင်း တပ်ဖွဲ့ဝင် ၃၇ ဦးတို့သည် KNLA တပ်ရင်း (၁၀) ၊ KNLA တပ်ရင်း(၂၇)တို့ထံ လက်နက်နှင့်အတူ ပူးပေါင်း လာကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောဆိုထားသည်။

ဩဂုတ်လ ၁၇ ရက်တွင်မူ ဆာကပေါတပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးအဲဖိုးကို ရာထူးတာဝန်မှ ထုတ်ပယ်ကြောင်း KTLA က ကြေညာချက်ထွက်ပေါ်ခဲ့သည်။

ဩဂုတ် ၂၈ ရက်တွင် တပ်ရင်းမှူး ဗိုလ်အဲဖိုး အပါအဝင် ဆာကပေါ တပ်ရင်းတစ်ခုလုံးကို KTLA က ထုတ်ပယ်ကြောင်း ကြေညာချက် ထပ်မံထွက်ပေါ်လာသည်။

တပ်ရင်းတစ်ခုလုံးကို ထုတ်ပယ်ရသည့်အကြောင်းရင်းမှာ ဆာကပေါတပ်ရင်းသည် KNU နှင့် ပူးပေါင်းမှုများ ရှိနေသောကြောင့်ဖြစ်ကြောင်း ဆာကဆောတပ်မက တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အရင်က KTLA နဲ့ KNUက ပေါင်းဆုံမှု မရှိဘူးလေ။ ပေါင်းဆုံမှုမရှိတော့ သူတို့တွေ အဲဒီစည်းကမ်းကို လိုက်နာမှုမရှိတဲ့အခါ အကြိမ်ကြိမ်သတိပေးပေမယ့်လည်း သူတို့ဆက်လက် အလုပ်လုပ်နေကြတယ်၊ အတူတူသွားနေကြတယ်၊ အတူတူ အလုပ်လုပ် နေကြတယ်။ တချို့ကိစ္စလေးတွေလည်း ရှိတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

ဆာကပေါတပ်ရင်း ဒုတပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်အချို့မှာ လတ်တလောအခြေအနေတွင် မည်သည့်အဖွဲ့နှင့်မျှ ပူးပေါင်းမှု မရှိသေးကြောင်း ၎င်းက ဆိုသည်။

KTLA ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဆာကပေါတပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူထံ Dawei Watch က ဆက်သွယ်မေးမြန်းရာ လတ်တလောတွေင် ဖြေကြားနိုင်သည့် အခြေအနေ မရှိသေးကြောင်း ပြောဆိုသည်။