မြိတ်ခရိုင်၊ တုံးဗျောကျေးရွာအုပ်စုမှ စစ်အာဏာရှင်စစ်ကြောင်းသည် တုံးဗျောရွာဟောင်းဘက်သို့ စစ်ကြောင်းထိုးနေကာ နေအိမ် ကိုးလုံးကို မီးရှို့ခဲ့ပြီး ဒေသခံ နှစ်ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၂၇ ရက်နေ့တွင် စစ်အာဏာရှင်စစ်ကြောင်းသည် တုံးဗျောကျေးရွာအုပ်စုမှ တုံးဗျောရွာဟောင်းဘက်သို့ တောလမ်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး လမ်းတွင်တွေ့သည့် ငါးရံ့အင်းရွာဒေသခံ အမျိုးသားနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“လမ်းဘေး သူတို့စီးလာတဲ့ ဆိုင်ကယ်နားမှာပဲ အလောင်းတွေကို ထားခဲ့တယ်။ နှစ်ယောက်လုံးက ယောက်ျားငယ်တွေ၊ စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံရတယ်။ အဲဒီနေ့က (၂၇ ရက်) ရွာသားတွေ ရွာကနေ (စစ်)ရှောင်ကြတဲ့နေ့” ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်အာဏာရှင်စစ်ကြောင်းသည် တုံးဗျောရွာဟောင်းမှ နေအိမ် ရှစ်လုံးကိုလည်း မီးရှို့ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငါးရံ့အင်းရွာသည် တနင်္သာရီမြို့နယ်တွင် တည်ရှိပြီး တုံးဗျောကျေးရွာအုပ်စုသည် မြိတ်မြို့နယ်တွင် တည်ရှိကာ နယ်မြေတစ်ဆက်စပ်တည်းရှိသည့် ရွာများဖြစ်သည်။
သြဂုတ်လ ၂၈ ရက်နေ့တွင် တုံးဗျောရွာမှတစ်ဆင့် တောလမ်းအတိုင်း တနင်္သာရီမြို့နယ်၊ ရေခမ်းချောင်းရွာသို့ စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုးလာပြီး ပြည်သူ့နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“တစ်ဆောင်ကို မီးရှို့ပြီး ကျန်အိမ်တွေမှာက အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေကို ရိုက်ခွဲထားခဲ့တယ်။ အိမ်ထဲမှာလည်း မွှေထားခဲ့တယ်။ နောက်ရက် (၂၉ ရက်) မှာ ပြန်ထွက်သွားတယ်” ဟု ၎င်းက ပြောသည်။
တုံးဗျောရွာဟောင်း၊ ငါးရံ့အင်းရွာ၊ ရေခမ်းချောင်းရွာတို့တွင် စစ်အာဏာရှင်စစ်ကြောင်း ဝင်ရောက်လာသဖြင့် ရွာမှဒေသခံများသည် ယနေ့ (သြဂုတ်လ ၃၁ ရက်) အထိ တိမ်းရှောင်နေကြဆဲ ဖြစ်သည်။







