ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီမြစ်ရေ အန္တရာယ်ရေကျော်လွန်၊ အိမ်အချို့ အပေါ်ထပ်အထိ ရေဝင်

August 30, 2026

တနင်္သာရီမြစ်ရေသည် ယနေ့ သြဂုတ်လ ၃၁ ရက် နံနက်တွင် အန္တရာယ်ရေအမှတ်ကို ကျော်လွန်သွားပြီဖြစ်ပြီး မြို့ပေါ်ရှိ နေအိမ်အချို့တွင် အပေါ်ထပ်အထိ ရေဝင်နေကြောင်း တနင်္သာရီမြို့ခံများက ပြောသည်။

တနင်္သာရီမြစ်ရေ၏ အန္တရာယ်ရေအမှတ်သည် ၂၄ ပေဖြစ်ပြီး ယနေ့ နံနက်တွင် ၂၄ ပေ ၆ လက်မကျော်နေပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မြစ်ရေတက်မှုကြောင့် မြို့ပေါ်ရပ်ကွက် နှစ်ခုဖြစ်သည့် ချောင်းကြီး၊ ချောင်းငယ် နှစ်ရပ်ကွက်စလုံး ရေဝင်နေပြီး မြို့၏ သုံးတစ်ပုံခန့် ရေလွှမ်းနေကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။

“တချို့အိမ်တွေက အောက်ထပ်မြုပ်နေပြီ။ တချို့အိမ်တွေက အပေါ်ထပ်မှာပါ ရေဝင်နေပြီ။ အခြေအနေ စောင့်ကြည့်နေသူတွေလည်း ရွှေ့ကြပြောင်းကြတာတွေ စလုပ်နေကြပါပြီ” ဟု ၎င်းက ပြောသည်။

ယနေ့ မိုးရွာနှုန်း အနည်းငယ်နည်းနေပြီး မြို့တွင်းရှိ ရေကိုလည်း ရေစုပ်စက်များဖြင့် အဆက်မပြတ် စုပ်ထုတ်နေကြောင်း မြို့ခံများထံမှ သိရသည်။

တနင်္သာရီမြစ်ရေတက်မှုကြောင့် မြစ်တစ်လျှောက်ရှိ တကူ၊ ပဝ စသည့် ကျေးရွာများတွင်လည်း ရေကြီးရေလျှံနေကြောင်း ယင်းကျေးရွာများမှ ဒေသခံများက ဆိုသည်။

တနင်္သာရီမြစ်ရေနှင့် တစ်ဆက်စပ်တည်းရှိသည့် မြိတ်-ထားဝယ်ကားလမ်းမပေါ်ရှိ လယ်တောင်ယာရွာတွင်လည်း ကားလမ်းရေကျော်နေကြောင်း လမ်းသွားလမ်းလာများထံမှ သိရသည်။

တနင်္သာရီမြစ်ရေသည် ပြီးခဲ့သည် ဇူလိုင်လကလည်း စိုးရိမ်ရေအမှတ် ၁၇ ပေကျော်အထိ ရောက်ရှိခဲ့သေးသည်။