နီပေါနိုင်ငံက ထရီရှူလီချိုင့်ဝှမ်းဒေသမှာ ဖြစ်ပွားသွားခဲ့တဲ့ ရေကြီးမြေပြိုမှုဖြစ်စဉ်ကြီးထဲကနေပြီး ကျောင်းသား၊ ကျောင်းသူ ၁,၆၀၀ ကျော်ကို ကယ်တင်ပေးနိုင်ခဲ့တဲ့ ကျောင်းအုပ်ကြီး ရာဂျင်ဒြာ ဒါဝါဒီ ဟာ ကမ္ဘာတစ်ဝန်းဆီက လူသားချင်းစာနာမှုဆိုင်ရာ ချီးကျူးဂုဏ်ပြုမှုတွေကို ရရှိနေပါပြီ ဖြစ်ပါတယ်။
သူ့ရဲ့ အမြော်အမြင်ကြီးမားမှု၊ ချိန်သားကိုက်ဆုံးဖြတ်မှုတွေနဲ့ အသက်ကယ်တင်ပေးခဲ့တာပါ။
အင်္ဂလိပ်စာပြဆရာလည်းဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် ရာဂျင်ဒြာဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ရေတက်လာနေပြီ ဆိုတဲ့အကြောင်းကို သူငယ်ချင်းဖြစ်သူက သူ့ဆီ အရေးပေါ် ဖုန်းခေါ်ဆိုပြောပြလို့ သိရှိခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့စာသင်ကျောင်းဟာ မြစ်ရေပြင်အထက် ပေ ၂၀၀ အမြင့်မှာ တည်ရှိနေတဲ့ Tribhuvan Trishuli အလယ်တန်းကျောင်းဖြစ်တယ်လို့ နီပေါသတင်းမီဒီယာတွေက အတည်ပြုရေးသားထားပါတယ်။
သူငယ်ချင်းဆီကနေပြီး သတိပေးချက်ကို လက်ခံရရှိလိုက်ချိန်မှာ ကျောင်းသား ၉၀၀ က ကျောင်းကို ရောက်ရှိ လို့ နေပါပြီ။ နောက်ထပ် ကျောင်းသား ၇၀၀ ကျော်ကလည်း ခြေလျင်နဲ့ရော ဘတ်စ်ကားတွေနဲ့ပါ ကျောင်းဆီ ဦးတည်လာနေတဲ့အချိန်ဖြစ်ပါတယ်။
ကျောင်းသားတွေ အန္တရာယ်အခြေအနေထဲ ကျရောက်နေပြီဆိုတာကို သိလိုက်ရတာနဲ့ ကျောင်းအုပ်ကြီးဟာ ကျောင်းကား ဒရိုင်ဘာတွေဆီကို ချက်ချင်း ဖုန်းဆက်ပြီး ဆက်သွယ်လို့ မရတဲ့ ကျောင်းကားတစ်စီးက လွဲလို့ ကျန်တဲ့ကားအားလုံးကို ရောက်တဲ့နေရာကနေ ချက်ချင်းပဲ လှည့်ပြန်ခိုင်းနိုင်ခဲ့ပါတယ်။
ကျောင်းအုပ်ဆရာကြီး ဖုန်းဆက်သွယ်လို့ မရခဲ့တဲ့ ကျောင်းကား ဟာ ကျောင်းဝင်းထဲကို ရေစတင် ဝင်ရောက်လာချိန်မှာပဲ ကျောင်းဆီကို ဦးတည်လာနေတာ မြင်လိုက်ရတဲ့အတွက် အဲ့ဒီနောက်ဆုံးကျောင်းကားကိုပါ ချက်ချင်းလှည့်ပြန်ဖို့ ကျောင်းအုပ်ကြီးက ညွှန်ကြားချက် ပေးနိုင်ခဲ့ပါတယ်။
“အဲဒီကားက တံတားပေါ်ကနေ တစ်ဖက်ကမ်းကို မောင်းနှင်ရောက်ရှိလို့သွားတဲ့အချိန်မှာပဲ တံတားကြီးက ချက်ချင်းဆိုသလိုပဲ ပြိုကျသွားခဲ့ပါတယ်” လို့ ကျောင်းအုပ်ဆရာကြီးက The Times သတင်းဌာနကို ပြောပြခဲ့ပါတယ်။
ကျောင်းဝင်းထဲမှာ ကျန်ရှိနေတဲ့ ကလေးငယ်တွေ ဘေးကင်းစေဖို့အတွက် ကျောင်းအုပ်ကြီးဟာ သူ့သူငယ်ချင်းဆီကနေ ဖုန်းခေါ်ဆိုမှုရရှိပြီးတာနဲ့တစ်ပြိုင်နက် ကျောင်းခေါင်းလောင်းကို အမြန်ဆုံး ထိုးစေခဲ့ပါတယ်။
ထိတ်လန့်တကြား ဖြစ်နေတဲ့ ကျောင်းသူလေးတစ်ယောက်ကို မော်တော်ဆိုင်ကယ်နောက်ဘက်တင်ကာ တောင်စောင်းပေါ်ဆီ သူကိုယ်တိုင် ပို့ဆောင်ပေးခဲ့ပြီး ကျန်တဲ့ ကလေးငယ်အားလုံးကိုလည်း တောင်ပေါ်ဘက်ကို ခြေလျင်နဲ့ အမြန်ဆုံး ထွက်ပြေးစေခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ကလေးတွေရဲ့ နောက်ကနေ အနီးကပ် လိုက်ပါ စောင့်ရှောက်ပေးခဲ့ပါတယ်။
ထိတ်လန့်နေကြတဲ့ ကလေးငယ်တွေဟာ တောင်ပေါ်မှာရှိတဲ့ ဗောဓိပင်အောက်မှာ စုဝေး ခိုလှုံနိုင်ခဲ့ကြပြီး အဲဒီအချိန်မှာပဲ သူတို့ရဲ့ သုံးထပ်ကျောင်းဆောင်ကြီးက ရေစီးနဲ့အတူ မျောပါ ပျက်စီးသွားခဲ့ပါတော့တယ်။
ကျောင်းအုပ်ကြီးရဲ့ ရဲစွမ်းသတ္တိနဲ့ အမြော်အမြင်ရှိမှုကြောင့် ကျောင်းသား ၁,၆၄၃ ဦး နဲ့ ဝန်ထမ်းအများစု အသက်ချမ်းသာရာ ရခဲ့ပေမယ့် အစောပိုင်း အတန်းချိန်ဝင်ဖို့ ရောက်နေခဲ့သူ လူမှုသမိုင်းပြ ဆရာ ဆန်တို့စ် ပါရဲယား ကတော့ ရေစီးနဲ့အတူ မျောပါပြီး အသက်ဆုံးပါးသွားခဲ့ရပါတယ်။
ဒီသဘာဝဘေးအန္တရာယ်ကြီးကြောင့် နီပေါနိုင်ငံတစ်ဝန်းမှာ လူပေါင်း ၇၃၄ ဦး သေဆုံးပြီး လူပေါင်း ၂,၄၉၈ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပြင်းအထန် လုပ်ဆောင်နေရပါတယ်။ တိဗက်နယ်စပ်ဘက်မှာလည်း လူ ၁၆ ဦး သေဆုံးပြီး ၅၄၆ ဦး ပျောက်ဆုံးနေပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် အပါအဝင် နိုင်ငံတကာကလည်း အထူးကယ်ဆယ်ရေး အဖွဲ့တွေနဲ့အတူ ငွေကြေးအကူအညီတွေကို နီပေါရေလွှမ်းမိုးမှုဖြစ်စဉ်အတွက် စေလွှတ် ပံ့ပိုးပေးနေပါတယ်။







