စခန်းကြီးသုဓမ္မာပဝါရဏာဂိုဏ်းကြီး၏ ဒုတိယဂိုဏ်းချုပ်ဆရာတော် ဘန္ဒန္တ သံဝရ မထေရ်သည် သက်တော် ၈၈ နှစ် ဝါတော် ၆၈ ဝါ တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း ဆရာတော်၏ တပည့်တကာများထံမှ သိရသည်။
ဆရာတော် ပျံလွန်တော် မမူမီအထိ ရေဖြူမြို့နယ် သစ်တိုထောင့်ကျေးရွာ သစ်တိုထောင့်ကျောင်း၏ ဦးစီးပဓာန နာယက ဆရာတော်အဖြစ် သာသနာရေးတာဝန်များအား ထမ်းဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ယင်းအပြင် စခန်းကြီးသုဓမ္မပဝါရဏာဂိုဏ်းကြီး၏ ဒုတိယဂိုဏ်းချုပ်တာဝန်ဖြင့်လည်း သာသနာရေး တာဝန်များကို ဆောင်ရွက်ခဲ့ကြောင်း ဆရာတော်၏တပည့် ဒါယကာများက ဆိုသည်။
ဆရာတော်သည် သာသနာရေးတာဝန်များကို ထမ်းဆောင်နေစဉ် ဝါခေါင်လပြည့်ကျော် ၁ ရက် (ဩဂုတ်လ ၂၉ရက်) နံနက် ၁၁ နာရီခွဲကျော်တွင် အသက်ကြီးရောဂါဖြင့် သစ်တိုထောင့်ကျောင်းကြီး၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း တပည့်တကာများထံမှ သိရသည်။
ဆရာတော်၏ဥတုဇရုပ်ကလပ်တော်အား ဝါခေါင်လပြည့်ကျော် ၉ ရက် (စက်တင်ဘာလ ၆ရက်) တနင်္ဂနွေနေ့ နေ့လယ် ၁၂ နာရီတွင် သစ်တိုထောင့်ကျေးရွာ၊ ကျောင်းရာကုန်းသုသာန်တွင် အန္တိမအဂ္ဂိဈာပန ဆင်ယင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဆရာတော်၏ မွေးရပ်ဇာတိမှာ လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာဖြစ်သည်။
စခန်းကြီး သုဓမ္မာပဝါရဏာဂိုဏ်းကြီးသည် လောင်းလုံးမြိုနယ်နှင့် ရေဖြူမြို့နယ်တို့၌ ရှိသော ဘုန်းတော်ကြီးကျောင်း အများစုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဆရာတော်၏ တပည့်တကာများထံမှ သိရသည်။







