သရက်ချောင်းမြို့နယ်တောင်ဘက်ပိုင်း မြိတ်-ထားဝယ်ကားလမ်းဘေး ကျွဲစပ်ရွာက စိတ်ကျန်းမာရေး မကောင်းသည့်လူငယ်အမျိုးသားတစ်ဦးကို စစ်အာဏာရှင်တပ် စစ်ကြောင်းက ဖမ်းဆီးနှိပ်စက်ခဲ့သဖြင့် ဆေးရုံတင်ထားရသည်ဟု ဒေသခံအချို့က ပြောသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဩဂုတ်လ ၂၆ ရက်တွင် ဆင်ကူးရွာကိုရောက်ရှိနေပြီး နောက်ရက်တွင် ဘုတ်ကိုင်း၊ ကျွဲစပ်ကျေးရွာဘက်ကို စစ်ကြောင်းဆက်ထိုးလာသည်ဟု ဒေသခံအချို့က ပြောသည်။
ဩဂုတ်လ ၂၈ ရက်မနက်ပိုင်းတွင် ကျွဲစပ်ရွာကိုရောက်ရှိချိန် စစ်အာဏာရှင်တပ်သားများက ယင်းလူငယ်အမျိုးသားကို ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်ခဲ့ခြင်းဖြစ်သည်။
“စစ်တပ်က သူ့ကိုခေါ်တယ်။ မေးတယ်တဲ့ သူကစိတ်မနှံ့ဘူးဆိုတော့ ပြောချင်ရာလျောက်ပြောမှာပေါ့၊ အဲ့မှာစစ်တပ်က ရိုက်ချေခတ်ချေ(ရိုက်နှက်)ထားတာ လက်တွေဘာတွေလည်း ကျိုးကုန်တယ်လို့ပြောတယ်၊ မွန်းတည့်ပိုင်းမှာသူ့ကိုပြန်လွတ်ပေးခဲ့တယ်၊ သရက်ချောင်းဆေးရုံကိုတင်တော့ ဆေးရုံကလက်မခံလို့ ထားဝယ်ဆေးရုံကို ယူဆောင်သွားရတယ်လို့ပြောတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဖမ်းဆီးနှိပ်စက်ခံရသည့် လူငယ်မှာ အသက် ၂၉ နှစ်ရှိပြီဖြစ်ပြီး ရွာခေါ်အမည်မှာ ပယ်ပယ်ဖြစ်သည်ဟု ၎င်းက ပြောသည်။
အဆိုပါစစ်ကြောင်းသည် ဆင်ကူးရွာက သုံးဘီးသမားတစ်ဦးကိုလည်း ရိုက်နှက်ကန်ကျောက်ခဲ့ပြီး ဒေသခံအချို့၏ နေအိမ်မှ ပစ္စည်းများကိုလည်း အဓမ္မယူဆောင်သွားသည်ဟု ဆင်ကူးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။
“သုံးဘီးပေါ်မှာ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးပါတယ်၊ သူတို့သိချင်တာတွေမေးတာပေါ့၊ ဟိုကမသိလို့မသိဘူးဖြေတာပေါ့၊ မနည်းဘူးရိုက်နှက်ကန်ကျောက်ခဲ့တာ၊ပြီးတော့ပြန်လွတ်ပေးလိုက်တယ်၊ အမျိုးသမီးနဲ့ကလေးကိုတော့ ဘာမှမလုပ်ဘူး” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဩဂုတ်လ ၅ ရက်မှ ၈ ရက်အထိ ထားဝယ်ရှေ့တောဒေသ ဥယာဉ်ကြီး၊ အညာဖျားရွာကိုစစ်ကြောင်းထိုးခဲ့ပြီး သရက်ချောင်းမြို့နယ်ကို ဩဂုတ်လ ၁၀ ရက်နေ့ မှ ၂၈ ရက်နေ့အထိ အင်အား ၇၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။







