သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်က ဒေသခံများကို ဆက်တိုက်ဖမ်းဆီးစစ်ဆေးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။
သရက်ချောင်းမြို့နယ် မြောက်ဘက်ခြမ်း တစ်ကြောကို စစ်ကြောင်းထိုးခဲ့သည့် စစ်အာဏာရှင်တပ်က ဩဂုတ်လ ၂၂ ရက်တွင် ညောင်ဇင်၊ ရန်တောင်၊ သင်းကျွန်း၊ သရက်နှစ်ခွ၊ ဥတ္တူ စသည့် ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာပြီး ဥတ္တူရွာမှ ဒေသခံအချို့ကို ဖမ်းဆီးခဲ့ပြီးနောက် ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်။
ထို့နောက် ဩဂုတ်လ ၂၆ ရက်တွင်လည်း ဥတ္တူရွာမှ ဒေသခံများကို ထပ်မံဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“မနေ့ညက စစ်ကြောင်းပြန်ထွက်ချိန် အကုန်လုံးကိုပြန်လွှတ်ပေးခဲ့တယ်လို့ပြောတယ်၊ ည ၉ နာရီလောက်မှာပြန်ထွက်သွားတယ်” ဟု ၎င်းက ပြောသည်။
ဩဂုတ်လ ၂၄ ရက်ခန့်ကလည်း စစ်အာဏာရှင်တပ် စစ်ကြောင်း ဥတ္တူရွာဘက်သို့ ဝင်ရောက်လာစဉ် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးမှာ နောက်ကြောင်းပြန်လှည့်ပြေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ဆိုသည်။
အဆိုပါ အမျိုးသားမှာ ခြေထောက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး စစ်အာဏာရှင်တပ်က ၎င်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
“အစတုန်းကသေပြီလိုလိုပြောနေကြတယ်၊ နောက်မှထပ်သိရတာ စစ်တပ်ကသူ့ကို ခေါ်ဆောင်သွားတယ်တဲ့၊ အခုက လမ်းပြလုပ်ခိုင်းနေတယ်လို့သတင်းရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ထားဝယ်မြို့နယ် ရှမ်းမတွင်းရွာမှ သရက်ချောင်းမြို့အလွန် ဆင်ကူးရွာအထိ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကင်းပုန်းများချကာ ဖြန့်ကျက်နေရာယူထားပြီး ကျေးရွာများအတွင်း လှည့်လည်စစ်ကြောင်းထိုးနေကြောင်း သိရသည်။
“အခုကစစ်ကြောင်းက နေရာတိုင်းလိုလိုဖြန့်ကျက်ထားတော့ ရွာသားတွေက ဘယ်ကိုပြေးလို့ပြေးရမှန်းမသိဘူးဖြစ်နေတယ်” ဟု ဥတ္တူရွာမှ လူငယ်တစ်ဦးက ဆိုသည်။
စစ်ကြောင်းများသည် ကျေးရွာများအတွင်း လှည့်ပတ်စစ်ကြောင်းထိုးနေသဖြင့် ပြည်ထောင်စုလမ်းမပေါ်ရှိ ကျေးရွာများသို့ လာရောက်စစ်ဘေးရှောင်နေသူများမှာ ဖမ်းဆီးခံရမည်ကို အထူးစိုးရိမ်နေကြပြီး စစ်ကြောင်းလှုပ်ရှားမှု သတင်းများကို စဉ်ဆက်မပြတ် စောင့်ကြည့်နေရကြောင်း သိရသည်။







