ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းတွင် စစ်အာဏာရှင်တပ် အရပ်သားများကို လူသားဒိုင်းလုပ်ပြီး ညှင်းပန်းကြောင်း KNU ထုတ်ပြန်

August 26, 2026

သရက်ချောင်းမြို့နယ် မြောက်ပိုင်းကို စစ်ကြောင်းထိုးသည့် စစ်အာဏာရှင်တပ်သည် အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး ရိုက်နှက်ညှင်းပန်းခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က ဩဂုတ်လ ၂၆ ရက်တွင် သတင်းထုတ်ပြန်လာသည်။

စစ်ကြောင်းသည် ဩဂုတ်လ ၁၀ ရက်မှ ၂၀ ရက်အထိ ရှင်မုတ္ထီး၊ ရောင်းမော်ရွာမှတစ်ဆင့် ဆေးဖြတ်ကုန်း၊ ကင်းရှေ့၊ မိုးရွှေကုန်း၊ စော်ဖျား၊ ကျောက်လှေကား၊ ကထီးဝ၊ ပဒတ်ချောင်း၊ လောင်းမင်းဘ၊ အင်းပြားစသည့် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သည်။

အရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး လမ်းပြအဖြစ် စေခိုင်းခြင်း၊ ထမင်းချက်ခိုင်းခြင်း၊ ခိုင်းစေသည့်အတိုင်း စိတ်ကျေနပ်မှုရှိအောင် လုပ်ဆောင်နိုင်ခြင်းမရှိပါက ရိုက်နှက်ညှင်းပန်းမှုများကို ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းသည် အရပ်သားပြည်သူများကို ရန်သူသဖွယ်ပစ်မှတ်ထားတိုက်ခိုက်ခြင်းများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား အမြောက်အများ ကျူးလွန်ခဲ့ကြောင်း KNU က ဆိုသည်။

ပဒတ်ချောင်းရွာက ကျောက်တင်ကား တစ်စီး၊ ကားငယ် တစ်စီး၊ ထော်လာဂျီ နှစ်စီး၊ ဆိုင်ကယ် ၃၀ စီးယူဆောင်သွားပြီး အရပ်သားပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကထီးဝရွာတွင် လူနေအိမ် တစ်လုံး၊ ကျောက်လှေကားရွာတွင် နေအိမ် လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ကျောက်လှေကားရွာက နေအိမ် တစ်လုံးမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ဖော်ပြသည်။

“အဲဒီရွာတွေဘက်ကနေ ညောင်ဇင်၊ သင်းကျွန်းဘက်ကို စစ်ကြောင်းပြန်ထိုးလာတယ်။ သူတို့လာတဲ့နေ့က ထော်လာဂျီကို စစ်သားတစ်ယောက်က ကိုယ်တိုင်မောင်းလာတယ်။ သုံးဘီးလည်း စစ်သားပဲ မောင်းလာတာ၊ ကားပေါ်မှာ ဆိုင်ကယ်တွေ အိမ်ထောင် ပစ္စည်းတွေ မနည်းဘူးပါတယ်။ ဆိုင်ကယ်တွေဆိုတာ သိန်းရာကျော်တန်တွေ၊ ဆိုင်ကယ်အဟောင်းတွေဆို သူတို့ မယူဘူး၊ လမ်းဘေးမှာ ပုံပစ်ခဲ့တယ်” ဟု မျက်မြင်တွေ့သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ဒေသခံအချို့ကို ဖမ်းဆီးထားပြီး ညှင်းပန်းနှိက်စက်ခဲ့သလို ကင်းရှေ့ရွာသား အသက် ၅၃ နှစ်ခန့်ရှိ ဦးစိုးထွန်းကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ်သည် အာဆီယံ ဘုံသဘောတူညီချက် (Five-Point Consensus) အား လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများကို လေယာဉ်များ၊ ဒရုန်းများ နှင့် လက်နက်ကြီးများဖြင့် အကြမ်းဖက် တိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် စစ်ရာဇ၀တ်မှုဆိုင်ရာများအား နေ့စဉ်နှင့်အမျှ ကျူးလွန်နေကြောင်း KNU တပ်မဟာ (၄)က ထုတ်ပြန်ထားသည်။