ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၈၀ နီးပါးအရွယ် ထိုင်းနိုင်ငံသား ကုန်စုံဆိုင်ပိုင်ရှင်ကို သတ်ပြီး ဖုန်းနှင့် ရွှေဆွဲကြိုး ကဲ့သို့ တန်ဖိုးကြီးပစ္စည်းများကို ခိုးယူထွက်ပြေးခဲ့သော မြန်မာနိုင်ငံသားကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဩဂုတ်လ ၂၃ ရက် ညက မြန်မာနိုင်ငံသားတစ်ဦးသည် ဘန်ကောက်မြို့ စဖန်စုန်နယ်မြေရှိ စတိုးဆိုင်ထဲသို့ ခိုးဝင်ပြီး ပစ္စည်းများ ကို ခိုးယူနေစဉ် ဆိုင်ပိုင်ရှင် အသက် ၇၈ နှစ်အရွယ် ထိုင်းနိုင်ငံသားနှင့် ထပ်တိုက်တိုးခဲ့ရာမှ လူသတ်မှုဖြစ်ကြောင်း ဖော်ပြသည်။
ညအချိန် မြန်မာနိုင်ငံသားသည် ဆိုင်ထဲ တန်ဖိုးကြီးပစ္စည်းများကို ရှာဖွေခိုးယူနေစဉ် အိပ်ပျော်နေသော ဆိုင်ပိုင်ရှင်က နိုးလာပြီး တုတ်ကိုင်၍ ဆိုင်ထဲ ဝင်ရောက်လာခဲ့ကြောင်း ဆိုသည်။
ယင်းအချိန် မြန်မာနိုင်ငံသားနှင့် ထိပ်တိုက်တိုးရာမှ ငရုတ်ကျည်ပွေ့ဖြင့် ထိုင်းနိုင်ငံသား၏ ဦးခေါင်းကို ရိုက်သတ်၍ ရွှေဆွဲကြိုး၊ ဖုန်းနှင့် အခြားပစ္စည်းများကို ခိုးယူ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
အလောင်းကို စစ်ဆေးရာ ဦးခေါင်းအနောက်နှင့် နားထင်တို့တွင် ရိုက်နှက်ဒဏ်ရာများကို တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က လူသတ်မှုနှင့် ပတ်သက်၍ CCTVမှတ်တမ်းများမှတစ်ဆင့် ခြေရာခံ စုံစမ်းခဲ့ကြောင်း ဆိုသည်။
ဩဂုတ်လ ၂၅ ရက် ည ၁၀ နာရီခန့်တွင် ထွက်ပြေးလာသော အသက် ၂၅ နှစ်အရွယ် ခွန်ချစ်ဦးအမည်ရှိ မြန်မာနိုင်ငံသားကို စမွတ်ပရကန်ခရိုင် အလုပ်သမားတန်းလျားတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။
၎င်းသည် သေဆုံးသူ၏ အိမ်အနောက်တွင် နေထိုင်ဖူးသူဖြစ်ပြီး ဈေးဆိုင်တွင် ဆိုင်ပိုင်ရှင် တစ်ဦးတည်း နေထိုင်သည်ကို သိရှိသဖြင့် ခိုးယူရန် ကြိုးပမ်းခဲ့ကြောင်း ဆိုသည်။
ဆိုင်ထဲ ပစ္စည်းများ ခိုးယူရန်သာ ရည်ရွယ်ခဲ့ပြီး လူသတ်မှု ကျူးလွန်ရန် မရည်ရွယ်ခဲ့ဟု မြန်မာနိုင်ငံသားက ထွက်ဆိုထားကြောင်း ဖော်ပြသည်။
ထိုကြောင့် ဆိုင်ပိုင်ရှင်၏ မိသားစုဝင်များကို တောင်းပန်သည်ဟု ပြောဆိုကြောင်း ဖော်ပြသည်။
ဆိုင်က ခိုးယူခဲ့သော ရွှေဆွဲကြိုးနှင့် ဖုန်းကို ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ခွန်ချစ်ဦးကို လူသတ်မှု၊ လုယက်မှုတို့ဖြင့် အမှုဖွင့် အရေးယူထားကာ ပရဝက်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။
Ref: CH 7, CH 8, Matichon Online







