ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချင်းမိုင်တွင် တောင်ပေါ်သားကတ် လိမ်လည်ရယူထားသည်ဆိုကာ မြန်မာကိုးဦး ဖမ်းဆီးခံရ

August 26, 2026

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆယ်နှစ်ခံကတ်ဟု လူသိများသော တောင်ပေါ်သားကတ် ထုတ်ပေးသည့် ကိစ္စအပေါ် အလွဲသုံးစားလုပ်သည်ဟုဆိုကာ မြန်မာနိုင်ငံသား ကိုးဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

တောင်ပေါ်သားကတ်များကို မမှန်မကန် ထုတ်ပေးထားမှုနှင့်ပတ်သက်၍ ချင်းမိုင်ခရိုင် ချိုင်ပရကန်အုပ်ချုပ်ရေးမှူးဟောင်း၊ တွဲဖက်အုပ်ချုပ်ရေးမှူး၊ ရွာလူကြီး၊ အိမ်ပိုင်ရှင် ရှစ် ဦးနှင့် မြန်မာနိုင်ငံသား ကိုးဦးတို့ကို ယနေ့ ဩဂုတ်လ ၂၆ ရက်တွင် ဝရမ်းဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တောင်ပေါ်သားကတ်ဆိုသည်မှာ ထိုင်းနယ်စပ်ဒေသနေ နိုင်ငံသားမှတ်ပုံတင်မရှိသေးသော အထောက်အထားမဲ့ တိုင်းရင်းသားများကို ဆယ်နှစ် နေထိုင်ခွင့် ရရှိစေရန် ထုတ်ပေးထားသည့် သက်သေခံလက်မှတ်တစ်မျိုးဖြစ်ပြီး ဆယ်နှစ်ခံကတ်ဟုလည်း မြန်မာနိုင်ငံသားများကြား လူသိများသည်။

တရုတ်နိုင်ငံသားတစ်ဦးက ဘတ်တစ်သိန်းပေး၍ ချိုင်ပရကန်ဒေသအတွင်း တောင်ပေါ်သားကတ် ရရှိထားသည်ကို အာဏာပိုင်များက စုံစမ်းသိရှိခဲ့ပြီးနောက် ဒေသအတွင်း ထုတ်ပေးထားသော တောင်ပေါ်သားကတ် ငါးထောင်ကျော်ကို စစ်ဆေးခဲ့သည်။

အိမ်လိပ်စာအတု ပြုလုပ်ထားသူများ၊ နေထိုင်ရန် အိမ်မရှိသူများ၊ လက်ဗွေရာ မပြည့်စုံသူများ၊ အမည်များကို အလွဲသုံးစား လုပ်ထားသူများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့ကြောင့် တောင်ပေါ်သားကတ် ထုတ်ပေးစဉ် အလွဲသုံးစား လုပ်ဆောင်မှုဖြင့် ဩဂုတ်လ ၂၃ ရက်တွင် ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့ပြီး အစိုးရဝန်ထမ်း၊ ရွာလူကြီး၊ အိမ်ပိုင်ရှင်နှင့် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၃၅ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့သည်။

ယနေ့ ဩဂုတ်လ ၂၆ ရက်တွင် အာဏာပိုင်အဖွဲ့ပေါင်းစုံက ချိုင်ပရကန်အုပ်ချုပ်ရေးမှူးဟောင်း၊ တွဲဖက်အုပ်ချုပ်ရေးမှူး၊ ရွာလူကြီး၊ အိမ်ပိုင်ရှင် ရှစ်ဦးနှင့် မြန်မာနိုင်ငံသား ကိုးဦး စုစုပေါင်း ၂၀ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဖမ်းဆီးစစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

တောင်ပေါ်သားကတ် တရားမဝင် ရယူထားသူ ၇၄ ဦး၏ ကတ်များကို ဖျက်သိမ်းလိုက်ပြီး နောက်ထပ် ၂၃ ဦး၏ ကတ်များကိုလည်း ဆက်လက်ဖျက်သိမ်းမည်ဖြစ်ကြောင်း ဆိုသည်။

ကျန်ရှိသော တောင်ပေါ်သားကတ် ၄၉၀၀ ကျော်ကိုလည်း သတိပေးချက် ထုတ်ပြန်ထားပြီး ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: Thai PBS, MGR Online, NBT