ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းရှိ Zipline (ကြိုးတန်းစီး) အလုပ်တွင် ဘုတ်ပြင်းဒေသခံ မြန်မာအလုပ်သမားတစ်ဦးသည် ကြိုးပြတ်ကျပြီး အရိုးကျိုးခဲ့သဖြင့် ဆေးရုံတွင် သုံးလခန့် ကုသမှု ခံယူခဲ့ရသော်လည်း အလုပ်ရှင်က တာဝန်မယူကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။
မြန်မာအလုပ်သမား ကိုကောင်းဝင်းကျော်သည် ပြီးခဲ့သည့် မေလ ၂၇ ရက်က Zipline ကြိုးစီးစဉ် ကြိုးတန်းပြတ်ကျပြီး အောက်သို့ ပြုတ်ကျခဲ့သဖြင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
ကိုကောင်းဝင်းကျော်ကို ကော့စမွေဆေးရုံကြီးမှတစ်ဆင့် စူရတ်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ရပြီး ၎င်းသည် ပေါင်၊ လည်ပင်းအဆစ်နှင့် ခါးရိုးကျိုး ဒဏ်ရာများ ရရှိခဲ့သည်။
ဒဏ်ရာကို ခွဲစိတ်ကာ စတီးရိုး ထည့်ခဲ့ရပြီး ဆေးရုံတွင် နှစ်လခွဲကျော်ကြာအောင် ကုသမှု ခံယူခဲ့ရကြောင်း WAG အဖွဲ့ထံမှ သိရသည်။
ဆေးကုသမှုစရိတ် ဘတ် တစ်သိန်းခန့် ကုန်ကျခဲ့သော်လည်း အလုပ်ရှင်က ဘတ် ငါးသောင်းသာ ပေးကာ အဆက်အသွယ် ဖြတ်တောက်ခဲ့ကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။
“လက်ရှိကတော့ ဆေးရုံက ဆင်းပြီး အမေဆီမှာ နေနေရတယ်ပေါ့နော်။ ဆေးကုသစရိတ်တွေလည်း အိတ်စိုက်ထားရတယ်။ အလုပ်ရှင်ကတော့ အခုအထိ အဆက်အသွယ် မရသေးဘူး” ဟု ၎င်းက ဆိုသည်။
ကိုကောင်းဝင်းကျော်သည် ယင်းလုပ်ငန်းခွင်တွင် လေးလကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောဆိုသည်။
လက်ရှိတွင် လုပ်ငန်းခွင် ထိခိုက်မှုနှင့် ပက်သက်၍ အလုပ်သမားရုံးများထံ တိုင်ကြားရန် စီစဉ်ထားပြီး အလုပ်ရှင်နှင့် ဆက်သွယ်ရရှိရန် ကြိုးစားနေဆဲဖြစ်ကြောင်း ကိုမုန်တိုင်းက ပြောသည်။







