ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာနိုင်ငံသား လူငယ်တစ်ဦး ဆိုင်ကယ်ဖြင့် ရပ်နေစဉ် နောက်ကျောကို ဓားဖြင့် အထိုးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဩဂုတ်လ ၁၂ ရက် ည ၉ နာရီခန့်က ဖူးခက်မြို့ ရတ်စဒါဒေသတွင် အသက် ၁၉ နှစ်အရွယ် ကိုအောင်ကောင်းထက်သီ သည် သူငယ်ချင်းအခန်းမှ ပြန်လာပြီး လမ်းဘေးတွင် ဆိုင်ကယ်နှင့်အတူ တစ်ဦးတည်းရပ်နေစဉ် နောက်ထပ် ဆိုင်ကယ်တစ်စီး ရောက်လာပြီး ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ဆိုင်ကယ်ပေါ်တွင် အမျိုးသား၊ အမျိုးသမီးနှစ်ဦး လိုက်ပါလာပြီး ဓားထိုးခဲ့ပြီးနောက် မြန်မာလူငယ်ကို ကန်လှဲကာ ဆိုင်ကယ်မောင်း ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။
မြန်မာလူငယ်တွင် နောက်ကျောကို ဓါးဝင်စိုက်လျက် အနေအထားဖြင့် တွေ့ရပြီး အနီးအနားက ပြည်သူများက အရေးပေါ်ကားခေါ်ယူ၍ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။
ဆရာဝန်များက ဓားကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီး လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ဆိုသည်။
ဓားထိုးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ကျူးလွန်သူများကိုလည်း လိုက်လံဖမ်းဆီးနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: MGR Online, Amarin TV







