ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အာဏာပိုင်များ ဝင်ရောက်စစ်ဆေးခဲ့ရာမှ တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၇ ဦး ဖမ်းဆီးခံရကြောင်း ဥထိုင်းခရိုင်အုပ်ချုပ်ရေးရုံး၏ ဖော်ပြချက်အရ သိရသည်။
ဥထိုင်းဒေသရှိ လုပ်ငန်းခွင်နှင့် အလုပ်သမားတန်းလျားများတွင် နိုင်ငံခြားသားများစွာ နေထိုင်လုပ်ကိုင်နေပြီး ဒေသခံများက စိုးရိမ်မှုရှိသဖြင့် တိုင်ကြားလာသောကြောင့် အာဏာပိုင်များက ယနေ့ ဩဂုတ်လ ၁၃ ရက် နံနက်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
လုပ်ငန်းခွင်ထဲတွင် နိုင်ငံခြားသား အလုပ်သမား ၂၇၀ ဦးကို တွေ့ရပြီး ၎င်းတို့အနက် ၂၄၄ ဦးသည် စာရွက်စာတမ်းများ ရှိသည်ကို တွေ့ရကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသား ၁၇ ဦးနှင့် ကမ္ဘောဒီးယား အလုပ်သမား ၉ ဦး စုစုပေါင်း ၂၆ ဦးတွင် တရားဝင် အလုပ်လုပ်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြသည်။



၎င်းတို့ကို ထိုင်းနိုင်ငံထဲ တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်မှုဖြင့် အရေးယူထားပြီး ဥထိုင်းရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိတွင် ဥထိုင်းဒေသအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသူများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။
Ref & Photo: ဥထိုင်းခရိုင်အုပ်ချုပ်ရေးရုံး







