ထိုင်းနိုင်ငံအရှေ့ပိုင်း ရယွန်ခရိုင်ရှိ တရုတ်ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၂၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဩဂုတ်လ ၁၁ ရက် နံနက်က ဘန်ချန်းဒေသရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် အလုပ်သမားတန်းလျားကို ရယွန်လဝကအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းခွင်သည် လပေါင်းများစွာ ကြာမြင့်နေပြီး ဒေသခံများ စိုးရိမ်ကာ တိုင်ကြားမှုရှိလာ၍ သွားရောက်စစ်ဆေးခဲ့ခြင်းဟုဆိုသည်။
လုပ်ငန်းခွင်ထဲတွင် အလုပ်သမား ၄၀၀ ကျော် နေထိုင် အလုပ်လုပ်ကိုင်နေကြပြီး အာဏာပိုင်များ ရောက်လာချိန်တွင် အလုပ်သမားများက မြောင်းများကို ဖြတ်ကူး၍ ထွက်ပြေးကြကြောင်း သတင်းတွင်ဖော်ပြသည်။



အလုပ်သမားများကို လိုက်လံဖမ်းဆီး စစ်ဆေးရာတွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းတွင်ပါရှိသည်။
၎င်းတို့ကို ဘန်ချန်းရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး နေရပ်ပြန်ပို့ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
နောက်ထပ် နိုင်ငံခြားသားများကို တရားမဝင် အလုပ်ခန့်ထားသော ကန်ထရိုက်တာများကိုလည်း အမှုဖွင့် အရေးယူနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: Bangkok Post, MGR Online







