ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလောမြို့နယ် ပင်လယ်ဘက်ရှိ စစ်ဘေးရှောင်တစ်ရာကျော် စားနပ်ရိက္ခာနှင့် ဆေးဝါး ထောက်ပံ့မှုလို

August 13, 2026

ပုလောမြို့နယ်၊ ပင်လယ်နှင့် နီးသည့်နေရာများတွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်တစ်ရာကျော်တွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့မှုလိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ဇူလိုင်လ အစမှစ၍ မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းပိုင်းရှိ ပလမြို့လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်း ထိုးလာသဖြင့် ကြဲနှင့် ဇရိပ်ဆိပ်ရွာသားများ အများစု ပင်လယ်ဘက်တွင် တိမ်းရှောင်နေရကြောင်း ၎င်းတို့က ပြောသည်။

ယင်းသို့ တိမ်းရှောင်နေသူ တစ်ရာကျော်ရှိပြီး စားနပ်ရိက္ခာများ ပြတ်တောက်နေပြီဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

“အိမ်က ပါလာတဲ့ စားနပ်ရိက္ခာတွေလည်း ကုန်ပြီ။ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ လိုအပ်နေတယ်။ အခုက ငါးတွေရှာပြီး ရတာနဲ့ ဝယ်စားနေပေမယ့် လုံလောက်မှု မရှိဘူး” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောဆိုသည်။

စျေးဆိုင်ရှိသည့် အခြားရွာများသို့ သွားသည့် လှေကြုံရှိလျှင် မှာယူနေရကြောင်း စစ်ဘေးရှောင် အခြားတစ်ဦးက ပြောသည်။

ယင်းအပြင် နေမကောင်းဖြစ်ပါက ဆေးခန်းပြသရန် လှေဖြင့် နှစ်နာရီသွားရပြီး အန္တရာယ်ရှိသည့်နေရာကို ဖြတ်ရမည် ဖြစ်သဖြင့် ဆေးခန်းသွားရောက်ပြသရန် ခက်ခဲနေကြောင်း ၎င်းက ဆိုသည်။

“အိမ်ကပါလာတဲ့ ဆေးတွေနဲ့ စစ်ရှောင်ကူညီသူတွေ ပေးလိုက်တဲ့ ဆေးတွေလည်း ကုန်နေပြီ။ နှာစေး၊ ချောင်းဆိုးသူတွေ များတယ်။ မိုးက အဆက်မပြတ်ရွာနေတယ်” ဟု အထက်ပါ စစ်ရှောင်က ပြောဆိုသည်။

ပလမြို့ဝန်းကျင်ရှိ မင်းပြင်၊ ဘိုင်းပြင်၊ မိန်းမမြို့နှင့် နီးစပ်သည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

လက်ရှိတွင် မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းပိုင်းရှိ ပလမြို့လမ်းပိုင်း နေရာအချို့ကို စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားပြီး စစ်အာဏာရှင်တပ်က ရွာသားများကို ပစ်ခတ်သတ်ဖြတ်မှုများရှိနေသဖြင့် အိမ် မပြန်ရဲသေးကြောင်း ဒေသခံများက ပြောဆိုသည်။