ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာသားအဖ စီးလာသည့်ဆိုင်ကယ် မီးနီစောင့်နေချိန် ဆယ်ဘီးတပ်ကားက အနောက်က ဝင်တိုက်သဖြင့် ဖခင်ဖြစ်သူသေဆုံးပြီး သားဖြစ်သူ ဒဏ်ရာအပြင်းအထန်ရရှိကြောင်း နီးစပ်သူများနှင့် ထိုင်းသတင်းဌာနတို့ ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၁၃ရက် နံနက် ၁၀ နာရီခွဲခန့်က လတ်ကဘန်ဒေသတွင် လူ ဖြတ်ကူးရန် မီးနီပြနေသဖြင့် ဆိုင်ကယ်က ရပ်တန့်စောင့်ဆိုင်းနေစဉ် ဆယ်ဘီးတပ်ကားက အနောက်က ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။
ကားတိုက်ခံရမှုကြောင့် မြန်မာတစ်ဦး ကားအောက်သို့ ဝင်ပါသွားခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရကြောင်း ဖော်ပြသည်။
ကားတိုက်ခံရမှုကြောင့် ဖခင်ဖြစ်သူ ဦးပါးကွက် ခေါ် ဦးခင်ဟန် သည် နေရာတွင်ပင် သေဆုံးခဲ့ပြီး သားဖြစ်သူမှာ ဆေးရုံတွင် ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါသားအဖသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာ ဇာတိဖြစ်ပြီး ဇနီးဖြစ်သူမှာ တနင်္သာရီတိုင်း ထားဝယ်ဇာတိဖြစ်ကြောင်း အထက်ပါနီးစပ်သူက ဆိုသည်။
လက်ရှိတွင် ၎င်းတို့မိသားစုသည် ဘန်ကောက်မြို့တွင် နေထိုင်၍ အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
Ref: Eijan, CH 8







