ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာ နှစ်ရာနီးပါးကို ထိုင်းအစိုးရက ကော့သောင်း ပြန်ပို့

August 13, 2026

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား နှစ်ရာနီးပါးကို ယနေ့ ဩဂုတ်လ ၁၃ ရက်တွင် ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း ရနောင်းလဝကထံမှ သိရသည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၁၅၉ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၁၈၄ ဦးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် မြန်မာစစ်အစိုးရထံသို့ ပြန်လွှဲပြောင်းခြင်း ဖြစ်သည်။

ယခု ပြန်ပို့မှုသည် ၂၀၂၆ ခုနှစ်အတွင်း ၁၂ ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံသား ၁၁၅၆ ဦးကို ကော့သောင်းသို့ လွှဲပြောင်းပြီးဖြစ်သည်။

ဇန်နဝါရီလတွင် နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၆၈ ဦး၊ ဖေဖော်ဝါရီလတွင် နှစ်ကြိမ် ၁၂၈ ဦး၊ မတ်လတွင် နှစ်ကြိမ် ၁၉၃ ဦး၊ ဧပြီလတွင် ၇၈ ဦး၊ မေလတွင် နှစ်ကြိမ် ၁၉၈ ဦး၊ ဇူလိုင်လတွင် နှစ်ကြိမ် ၂၀၇ ဦးနှင့် ဩဂုတ်လတွင် ၁၈၄ ဦး စုစုပေါင်း ၁၁၅၆ ဦးကို ကော့သောင်းသို့ ပြန်ပို့ပြီးဖြစ်သည်။

ပြီးခဲ့သော ဇူလိုင်လက ရနောင်းမှ ကော့သောင်းသို့ နှစ်ကြိမ်ပို့ဆောင်ခဲ့ပြီး မြန်မာနိုင်ငံသား ၂၀၇ ဦး လွှဲပြောင်းခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း ရနောင်းမှ ကော့သောင်းသို့ မြန်မာနိုင်ငံသား၂၀၇၂ ဦးအထိ လွှဲပြောင်းခဲ့သည်။

၂၀၂၄ ခုနှစ်တွင်မူ မြန်မာနိုင်ငံသား ၂၀၀၅ ဦးကို ရနောင်းမှ ကော့သောင်းသို့ လွှဲပြောင်းခဲ့သည်။

ထိုင်းနိုင်ငံဘက်မှ ကော့သောင်းဘက်သို့ ပြန်ပို့လာသူများကို စစ်အာဏာရှင်တပ်က အဓမ္မစစ်မှုထမ်းစုဆောင်းမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း စစ်မှုထမ်းစုဆောင်းခံရရာမှ ထွက်ပြေးလွတ်မြောက်လာသူများနှင့် ကော့သောင်း ဒေသခံများထံမှ သိရသည်။