ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဖူးခက်တွင် ထိုင်းလူငယ်များကို လေသေနတ်ဖြင့်ခြိမ်းခြောက်သည်ဆိုကာ မြန်မာလူငယ်လေးဦး ဖမ်းဆီးခံရ

August 14, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် လက်လုပ်လေသေနတ် (BB Gun) ဖြင့် ထိုင်းလူငယ်များကို ခြိမ်းခြောက်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် မြန်မာလူငယ် လေးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဩဂုတ်လ ၁၁ ရက်က ဖူးခက်မြို့ ကင်ကဲဝို Big C စတိုးဆိုင်ရှေ့တွင် မြန်မာလူငယ်လေးဦးသည် ထိုင်းလူငယ်သုံးဦးကို လက်လုပ် လေသေနတ်ဖြင့် ခြိမ်းခြောက်ခဲ့ပြီး ဖုန်းနှင့် ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

ထိုင်းလူငယ်များက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သဖြင့် CCTV မှတ်တမ်များမှတစ်ဆင့် ခြေရာခံရာ အသက် ၁၅ နှစ်မှ ၂၁ နှစ်ကြားရှိ မြန်မာလူငယ် လေးဦးကို ချလုံနှင့် ပါတွန်ဒေသများတွင် ဩဂုတ်လ ၁၃ ရက် ညနေက ဖမ်းမိခဲ့ကြောင်း ဖော်ပြသည်။

အခင်းဖြစ်သောနေ့က မြန်မာလူငယ်များသည် ဆိုင်ကယ်ဖြင့် ဖူးခက်မြို့သို့လာစဉ် လမ်းတွင် ထိုင်းလူငယ်များနှင့် ဆုံတွေ့ခဲ့ပြီး ရန်ဖြစ်ခဲ့ကြကြောင်း ဆိုသည်။

ယင်းအချိန် မြန်မာလူငယ်တစ်ဦးက လက်လုပ် လေသေနတ်ကို ထုတ်၍ ထိုင်းလူငယ်များအား ခြိမ်းခြောက်ခဲ့ပြီး ထိုင်းလူငယ်တစ်ဦး၏ ဖုန်းနှင့် ဆိုင်ကယ်သော့ကို ယူ၍ လွှင့်ပစ်ခဲ့ကြောင်း ထိုင်းလူငယ်များ၏ ပြောဆိုချက်ကို ကိုးကားဖော်ပြသည်။

ခိုက်ရန်ဖြစ်ရသည့် အကြောင်းအရင်း အသေးစိတ်ကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။

လက်ရှိတွင် မြန်မာလူငယ်လေးဦးနှင့်အတူ ဆိုင်ကယ် သုံးစီး၊ လေသေနတ်တို့ကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ပြီး အခြားသူကို ခြိမ်းခြောက်မှု၊ ပစ္စည်းများ ဖျက်ဆီးမှုဖြင့် ဖူးခက်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: MGR Online, CH 8, Khaosod