ထိုင်းနိုင်ငံ ရယွန်ခရိုင်တွင် မြန်မာအလုပ်သမားများကို နောက်တွဲယာဉ်ဖြင့် အန္တရာယ်ရှိစွာ လုပ်ငန်းခွင်ထဲ ပို့ဆောင်နေသော တရုတ်နိုင်ငံသား ကားသမားကို ရဲတပ်ဖွဲ့က ဘတ် ၁၀,၀၀၀ ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၉ ရက်နေ့က ရယွန်ခရိုင် ဘန်းခိုင်ဒေသ လမ်းမပေါ်တွင် မြန်မာအလုပ်သမားများကို နောက်တွဲယာဉ်ပေါ်တင်၍ ပို့ဆောင်နေသည်ကို လမ်းသွားလမ်းလာများက တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသား ကားသမားသည် မြန်မာအလုပ်သမား ၃၄ ဦးကို အိမ်စီးကားနောက်တွင် တပ်ဆင်ထားသော နောက်တွဲယာဉ်ပေါ်တင်၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ပို့ဆောင်ခြင်းသည် အန္တရာယ်ရှိပြီး အကယ်၍ ကားက ဘရိတ်အုပ်သည်ဖြစ်စေ၊ ယာဉ်ကြောပိတ်ဆို့သည်ဖြစ်စေ နောက်တွင် လိုက်ပါလာသော မြန်မာအလုပ်သမားများ ထိခိုက်ဒဏ်ရာရရှိနိုင်သဖြင့် အရေးယူခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများကို စစ်ဆေးရာ အလုပ်လုပ်ခွင့်လက်မှတ်များ ရှိကြသဖြင့် အလုပ်သမားဥပဒေအောက်မှ တရားဝင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
တရုတ်ကားသမားကိုမူ ကားကို ခွင့်ပြုချက်မရှိဘဲ နောက်တွဲယာဉ်တပ်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းတို့အတွက် အမှုနှစ်မှုဖြင့် အရေးယူခဲ့ပြီး ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ချမှတ်ခဲ့ကြောင်း ဖော်ပြသည်။
လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားများကို ပို့ဆောင်ရာတွင် သတ်မှတ်ထားသော ယာဉ်များကိုသာ အသုံးပြုရန်နှင့် ဥပဒေကို လေးစားလိုက်နာရန် ထိုင်းရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။
Ref: Siam, Daily News







