ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းက ထိန်းသိမ်းခံ ကရင် ၂၆ ဦးကို KNU ထံ ပြန်ပို့

August 20, 2026

ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသော ကရင်တိုင်းရင်းသား ၂၆ ဦးကို ဖူနမ်ရွန်နယ်စပ်မှတစ်ဆင့် ထီးခီးဘက်သို့ ပြန်ပို့လိုက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) က လက်ခံခဲ့ကြောင်း ထိုင်းနယ်စပ်သတင်းဌာနက ဖော်ပြသည်။

ဘန်ကောက်မြို့ လဝကထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံနေရသော ကရင်တိုင်းရင်းသား ၂၆ ဦးကို ဩဂုတ်လ ၁၉ ရက်နေ့က ဖူနမ်ရွန်-ထီးခီးနယ်စပ်မှတစ်ဆင့်မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ပေးခဲ့ခြင်းဖြစ်သည်။

နေ့လယ် ၁ နာရီခန့်တွင် ကရင်တိုင်းရင်းသားများက ဖူနမ်ရွန်ဂိတ်သို့ ရောက်ရှိလာကြပြီး မြန်မာနိုင်ငံဘက်က KNU တပ်မဟာ ၄ က လက်ခံခဲ့ကြောင်း သတင်းအရသိရသည်။

ကရင်တိုင်းရင်းသားများထဲတွင် ကလေးငယ် ၈ ဦးနှင့် ကိုယ်ဝန်ဆောင် ၂ ဦးပါဝင်သဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ဦးကို KNU ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နောက်ထပ် ကရင်တိုင်းရင်းသားများ နေရပ်ပြန်ပို့လာမှုအတွက်လည်း စီမံခန့်ခွဲနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ဩဂုတ်လ ၁၀ ရက်နေ့က ဖက်ချ်ဘူရီခရိုင် ဘန်းပဒင်းရွာရှိ ကရင်တိုင်းရင်းသားအများစုနေထိုင်ရာ နေရာကို အာဏာပိုင်များ ဝင်ရောက်စစ်ဆေးခဲ့ပြီး ကရင်တိုင်းရင်းသား ၂၈ ဦးကို ဖမ်းဆီးခဲ့သည်။

သို့သော် နှစ်ဦးတွင် နေထိုင်ခွင့် စာရွက်စာတမ်းရှိနေသဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၂၆ ဦးကိုမူ တရားမဝင်နေထိုင်မှုဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။

ကျန် ၂၆ ဦးကို ဘန်ကောက်မြို့ လဝကထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး စစ်အာဏာရှင်လက်ထဲသို့ နေရပ်ပြန်ပို့ရန် စီစဉ်ခဲ့သဖြင့် လူ့အခွင့်အရေးလေ့လာစောင်ကြည့်ရေးအဖွဲ့ (HRW)၊ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) အပါအဝင် လူ့အခွင့်အရေးအဖွဲ့များက နေရပ်ပြန်မပို့ရေး ထိုင်းအစိုးရထံ တိုက်တွန်းခဲ့ကြသည်။

ယင်းနောက် ဩဂုတ်လ ၁၉ ရက်နေ့တွင် ထိန်းသိမ်းခံ ကရင်တိုင်းရင်းသားများကို KNU ထံ လွှဲပြောင်းပေးခဲ့သဖြင့် ကရင်တိုင်းရင်းသားများက စိတ်သက်သာရာ ရခဲ့ကြကြောင်း ၎င်းတို့၏ ဖြေကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။

သို့သော်လည်း ပြီးခဲ့သော နှစ်လခန့်က ကရင်တိုင်းရင်းသား ၁၀ ဦးကို နေရပ်ပြန်ပို့ပြီးနောက် အဆက်အသွယ်မရရှိသေးသဖြင့် စိုးရိမ်နေဆဲဖြစ်ကြောင်း ပြောသည်။

Ref: Transborder News