ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင် နေထိုင်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ပါရှိသည်။
ယနေ့ ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းတွင် ဥထိုင်းဒေသရှိ ဆောက်လုပ်ရေးအလုပ်သမားတန်းလျားကို အာဏာပိုင်များက တိုင်ကြားချက်အရ သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များ ရောက်ရှိချိန် အလုပ်သမားအချို့ အိပ်ပျော်နေဆဲဖြစ်ပြီး အချို့မှာ အလုပ်သွားရန် ပြင်ဆင်နေကြကြောင်း၊ အာဏာပိုင်များကို မြင်လိုက်သည်နှင့် အလုပ်သမားအချို့ ထွက်ပြေးခဲ့ကြ၍ လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။
အားလုံးကို ခေါ်ယူစစ်ဆေးစဉ် အလုပ်သမား ၂၃၀ ခန့် နေထိုင်နေကြပြီး ၎င်းတို့အနက် ၁၉၅ ဦးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများ တွေ့ရကြောင်း ဖော်ပြသည်။
အထောက်အထား မရှိဘဲ နေထိုင်နေသော မြန်မာအလုပ်သမား ၃၅ ဦးကို တွေ့ရသဖြင့် ဖမ်းဆီးခဲ့ဟုဆိုသည်။
၎င်းတို့သည် အဆိုပါလုပ်ငန်းခွင်ထဲ နေထိုင်လုပ်ကိုင်နေသည်မှာ ရက်ပိုင်းမျှသာရှိသေးပြီး အချို့မှာ ကန်ချနဘူရီခရိုင်မှတစ်ဆင့် တရားမဝင် ဝင်လာကာ ပွဲစားများက အလုပ်သွင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို တရားမဝင် နေထိုင်မှုဖြင့် အမှုဖွင့်ပြီး ဥထိုင်းရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။
နောက်ထပ် ခရိုင်အတွင်း တရားမဝင် နေထိုင်လုပ်ကိုင်နေသူများကို ဖမ်းဆီးရေး အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: Thai PBS, Thairath, Amarin TV







