ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မှာ စစ်အာဏာရှင်တပ် ပစ်ခတ်မှုကြောင့် အရပ်သားတွေထိခိုက်တာကို တော်လှန်ရေးတပ်တွေက ကျူးလွန်တယ်ဆိုပြီး သတင်းမှားဖြန့်

August 12, 2026

ထားဝယ်ခရိုင်မှာ စစ်အာဏာရှင်တပ်က အင်အားအများအပြားသုံးပြီး ဒေသတချို့ကို ဇူလိုင်လဆန်းကနေ စစ်ကြောင်းထိုးနေပါတယ်။ အဲဒီလို စစ်ကြောင်းထိုးနေချိန် အရပ်သားတွေ ပစ်ခတ်ခံရတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

အရပ်သား ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဥ်တွေအပေါ်မှာ စစ်အုပ်စုဝါဒဖြန့်သူတွေက တော်လှန်ရေးအင်အားစုတွေကို အပြစ်ပုံချဖို့ ကြိုးပမ်းထားတဲ့ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်က ဖြစ်စဥ်နှစ်ခုကို တွေ့ရပါတယ်။

အဲဒီ ဖြစ်စဥ် နှစ်ခုကို Myanmar Fact-checking Netwok အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ထားပါတယ်။

ဖြစ်စဥ် (၁)

ရေဖြူမြို့နယ်၊ ကလိန်အောင်-မလွှဲတောင်လမ်းပိုင်းမှာ စစ်အာဏာရှင်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေး အင်အားစုတွေကြား သြဂုတ်လ ၈ ရက် မနက်ပိုင်းမှာ နာရီဝက်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုအပြီး စစ်အာဏာရှင်တပ်က ကားလမ်းနံဘေးက ဥယျာဥ်ခြံတွေထဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်။ လက်နက်ကြီး ကျည်တစ်လုံးဟာ ဥယျာဉ်ခြံထဲ ကျရောက်ပေါက်ကွဲပြီး ခြံလုပ်သားအမျိုးသမီးတစ်ဦး ကျည်စထိမှန် ဒဏ်ရာရခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အပေါ် စစ်အုပ်စုဝါဒဖြန့်သူတွေက PDF တွေက အလုပ်လုပ်နေတဲ့အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်တာ လို့ ဖြန့်ချိကြပါတယ်။Subscriber သုံးသောင်းကျော်ရှိတဲ့ Myanmae Hard Talk နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က စတင် ဖြန့်ချိတာဖြစ်ပြီး “မြိတ် သတင်းများစုစည်းရာ”နာမည်နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာက ပြန်ကူးယူဖော်ပြပါတယ်။

Myanmar Hard Talk လင့်ခ် – https://archive.ph/e99cj

ခြံလုပ်သားအမျိုးသမီး ဒဏ်ရာရတာနဲ့ ပတ်သက်လို့ ဒေသခံတွေဆီ ဆက်သွယ်မေးမြန်းစုံစမ်းတဲ့အခါ ဒဏ်ရာရသွားတဲ့ အမျိုးသမီးဟာ လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရခဲ့တာလို့ အတည်ပြုပြောဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလိန်အောင်-မလွှဲတောင် လမ်းပိုင်းမှာ ခြံလုပ်သားအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တဲ့အကြောင်း Dawei Watch က သတင်းဖော်ပြခဲ့ပါတယ်။

Dawei Watch သတင်းလင့်ခ် – https://shorturl.at/XOXGG

အဲဒီအကြောင်းအရာကိုပဲ မွန်နဲ့ တနင်္သာရီဒေသက လူအခွင့်အရေးချိုးဖောက်ခံရမှုတွေကို မှတ်တမ်းတင်နေတဲ့ Rehmonnya – Human Right Foundation of MonLand ကလည်း မှတ်တမ်းတင်ဖော်ပြထားပါတယ် ။

လင့်ခ် – https://shorturl.at/zOWEF

ဖြစ်စဥ် (၂)

စစ်အာဏာရှင်တပ်ဟာ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေအနီးကျေးရွာတွေဘက်ကိုလည်း သြဂုတ်လ ၂ ရက်မှာ စစ်ကြောင်းထိုးလာပြီး ဒေသခံတွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

မောင်းမကန် ရွာလယ်ပိုင်းမှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ နေအိမ်တစ်ဆောင်က မိသားစုဝင် သုံးဦး၊ မောင်းမကန် ကမ်းခြေရှိ စားသောက်ဆိုင်က ဆိုင်ရှင်ဇနီးမောင်နှံ၊ ဝန်ထမ်းနှစ်ဦးနဲ့ ဒေသခံအမျိုးသားတစ်ဦး စုစုပေါင်းရှစ်ဦးကို ဖမ်းဆီး ခဲ့ပါတယ်။

ဩဂုတ်လ ၃ ရက်မှာတော့ မောင်းမကန်ကမ်းခြေအနီးက သဘော့ဆိပ်ကျေးရွာဘက်ကို စစ်ကြောင်းထပ်ထိုးခဲ့ပြီး သဘော့ဆိပ်ရွာသားတစ်ဦးကိုလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

အဲဒီသေနတ်နဲ့ ပစ်ခတ်ခံရတဲ့ရွာသားကို စစ်အာဏာရှင်တပ်က ပစ်ခတ်တာမဟုတ်ဘဲ PDF တွေက ပစ်တယ်လို့ စစ်အုပ်စုဝါဒဖြန့်သူတွေက ဖြန့်ချိနေကြပါတယ်။

Myanmae Hard Talk တယ်လီဂရမ်ချန်နယ်ကပဲ စတင်ဖြန့်ချိတာဖြစ်ပြီး “မြိတ် သတင်းများစုစည်းရာ” Facebook စာမျက်နှာ က ပြန်လည်ကူးယူဖော်ပြပါတယ်။

Myanmar Hard Talk လင့်ခ် – https://archive.ph/gxiKs

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသခံတွေကို မေးမြန်းရာမှာလည်း ပစ်ခတ်ခံရတဲ့ သဘော့ဆိပ်ရွာသားဟာ ပုန်းအောင်းရာ နေရာကနေ ထပြေးချိန် စစ်အာဏာရှင်တပ်သားတွေက ပစ်ခတ်လိုက်တာလို့ ပြောဆိုကြပါတယ်။ ခြောက်ထောက်မှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းနဲ့ တွေ့တော့ ပုန်းနေရာကနေ ထပြေးတဲ့အချိန်မှာ ပစ်တယ်လို့သိရတယ်” လို့ ဒေသခံတစ်ဦးက ဖြစ်စဥ်ကို ပြောပြပါတယ်။

အဲဒီအကြောင်းအရာ Dawei Watch က သတင်းဖော်ပြခဲ့ပါတယ်။

Dawei Watch သတင်းလင့်ခ် – https://shorturl.at/Vb6SS

အဲဒီအကြောင်းအရာကို မွန်နဲ့ တနင်္သာရီဒေသက လူအခွင့်အရေးချိုးဖောက်ခံရမှုတွေကို မှတ်တမ်းတင်နေတဲ့ Rehmonnya – Human Right Foundation of MonLand ကလည်း မှတ်တမ်းတင်ဖော်ပြထားပါတယ်။

လင့်ခ် – https://shorturl.at/vOCNH

မောင်းမကန်ကမ်းခြေဝန်းကျင်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးဆီ Dawei Watch က မေးမြန်းရာမှ အောက်ပါအတိုင်း ဖြေကြားပါတယ်။

“စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က သွားရောက်ပစ်ခတ်ခဲ့တဲ့ဖြစ်စဥ် မရှိတာကြောင့် နှစ်ဖက်တိုက်ပွဲ မရှိခဲ့ပါဘူး။ အခြားမဟာမိတ်တွေလည်း စစ်ရေးလှုပ်ရှားမှု မရှိခဲ့ပါဘူး။ စစ်တပ်ဘက်က တစ်ဖက်သတ် ပစ်ခတ်တာကြောင့် အရပ်သားထိခိုက်တာပဲ ရှိပါတယ်” လို့ ဆိုပါတယ်။

သုံးသပ်ချက်

စစ်အာဏာရှင်တပ်ဟာ ထားဝယ်ခရိုင်အတွင်းမှာ ဇူလိုင်လကစပြီး စစ်ကြောင်းထိုးနေတဲ့အပြင် အရပ်သားတွေကို ပစ်ခတ်တာ၊ သတ်ဖြတ်တာ၊ နေအိမ်မီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေကို အဓမ္မယူဆောင်တာတွေ ဆက်တိုက်ကျူးလွန် နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုကြပါတယ်။

စစ်အုပ်စုက မြေပြင်မှာ အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေချိန် စစ်အုပ်စုဝါဒဖြန့်သူတွေကလည်း အချိန်ကိုက် သတင်းအမှားတွေ ဖြန့်ချိတာ၊ စစ်အာဏာရှင်တပ် ကျူးလွန်တာကို တော်လှန်ရေးအင်အားစုတွေကို အပြစ်လွှဲချဖို့ ကြိုးပမ်းတာတွေ တွေ့ရလေ့ရှိပါတယ်။

အခု ဖြစ်စဉ် (၁) နဲ့ (၂) မှာဆိုရင်လည်း စစ်အာဏာရှင်တပ်ရဲ့ ကျူးလွန်မှုတွေကို ဖုံးကွယ်ပြီး တော်လှန်ရေးအင်အားစုတွေကို ပုံဖျက်ဖို့အတွက် အချိန်ကိုက်သတင်းအမှားဖြန့်ချိ တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact-Checking Network နဲ့ Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက် စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web- https://myanmarfactcheckingnetwork.org/

Fb- https://www.facebook.com/myanmarfactcheckingnetwork