ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်တည်ဆောက်နေတာ ဟုတ်သလား

July 25, 2026

ထားဝယ်အထူးစီးပွားရေဇုန်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်တည်ဆောက်နေတယ်လို့ စစ်အစိုးရ ဒုဝန်ကြီးက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်တည်ဆောက်ဖို့ အစီအစဉ် ရှိမရှိ စစ်အုပ်စုရဲ့ အမျိုးသားလွှတ်တော်မှာ မေးမြန်းမှုကို စစ်အစိုးရရဲ့ စီးပွားကူးသန်း ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။

အဲဒီ မေးခွန်းနဲ့ ဖြေကြားချက်တွေကို အခြေခံပြီး စစ်အုပ်စုဝါဒဖြန့်ချိသူတွေက ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်နေပြီလို့ ဖြန့်ချိနေကြပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်အရ စိစစ်ကြည့်ရာမှာတော့ မြေပြင်အနေအထားနဲ့ ကွဲလွဲနေတာကို စိစစ်တွေ့ရပါတယ်။

Subscriber နှစ်သောင်းကျော်ရှိတဲ့ DGF21 NEWS နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က “ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ ပြန်လည်တည်ဆောက်နေ” ဆိုပြီး ဖြန့်ချိထားပါတယ်။ အောက်ဖော်ပြပါ လင့်ခ်မှာ ကြည့်နိုင်ပါတယ်။

လင့်ခ် – https://archive.ph/2a6f6

နောက်ထပ် အဖိုးလေး အမည်နဲ့ တယ်လီဂရမ်ချန်နယ်တကလည်း ကူးယူဖော်ပြခဲ့ပါတယ်။

လင့်ခ် – https://archive.ph/bkz3I

စစ်အုပ်စုလွှတ်တော်မှာ ရေနက်ဆိပ်ကမ်းအကြောင်း ဘာပြောလဲ

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့ အစီအစဉ် ရှိ မရှိ စစ်အုပ်စုရဲ့ အမျိုးသား လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့မှာ တနင်္သာရီတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၃) ကြံ့ခိုင်ရေးအမတ် ဦးမောင်စိန်က မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကို စစ်အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်က အချက် သုံးချက်နဲ့ ဖြေကြားခဲ့ပါတယ်။

ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ အရင် ရင်းနှီးမြုပ်နှံထားတဲ့ ထိုင်းနဲ့ ဂျပန်အခြေစိုက်ကုမ္ပဏီတွေရဲ့ မဟာဗျူဟာမြောက် အစီအစဥ်တွေကို အခြေခံပြီးထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းလို့ အဆင့် သုံးဆင့်နဲ့ အကောင်အထည်ဖော်မယ်လို့ ဖြေကြားပါတယ်။

ရေနက်ဆိပ်ကမ်း နယ်နိမိတ် (Port Limit) သတ်မှတ်နိုင်ရေးအတွက် စစ်အစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး အပြီးသတ်အဆင့်သို့ ရောက်ရှိနေပြီလို့ ဆိုပါတယ်။

နောက်ဆုံး တစ်ချက်အနေနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီးတည်ဆောက်သူနဲ့အတူ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတယ်လို့ ဖြေကြားတာပါ။

အဲဒီ အကြောင်းအရာတွေ ပါဝင်တဲ့ အစည်းအဝေး မှတ်တမ်းလင့်ခ် – https://shorturl.at/uEDP3

အထက်ပါ ဖြေကြားချက်တွေမှာ စီမံကိန်းနဲ့ ပတ်သက်ပြီး နယ်နမိတ်သတ်မှတ်ရေး၊ ဥပဒေပိုင်းအရ ဆောင်ရွက်မှုနဲ့ အဆင့်ဆင့်အပိုင်းခွဲကာ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေဆဲပဲ ဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ မြေပြင်မှာ လက်တွေ့အကောင်အထည်ဖော်နေပြီလို့ ဖြေကြားသွားတာမျိုး မရှိပါဘူး။

ရေနက်ဆိပ်ကမ်း ပြန်တည်ဆောက်နေပြီလို့ လာရောက်ဖြေကြားခဲ့တာ မဟုတ်ဘဲ စီမံကိန်းပြန်စတင်နိုင်ဖို့ ကြိုးပမ်းနေဆဲအခြေအနေလို့ပဲ လာရောက်ဖြေကြားခဲ့တာကို တွေ့ရှိရပါတယ်။

မြေပြင်မှာ ဘာဖြစ်နေလဲ

ရေနက်ဆိပ်ကမ်းတည်ရှိရာ ရေဖြူမြို့နယ် နဘုလယ်ဒေသဟာ စစ်အာဏာရှင်တပ်ရော တော်လှန်ရေးတပ်ဖွဲ့တွေပါ ခြေကုပ်ယူထားကြပြီး တစ်ဖက်ကမှ အပြည့်အဝ မစိုးမိုးနိုင်တဲ့ အနေအထားရှိတယ်လို့ အဲဒီဒေသက ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

စစ်အာဏာရှင်တပ်ဟာ နဘုလယ်ဒေသထဲမှာ စစ်အင်အား ရာဂဏန်းနဲ့ နေရာလေးခုထက်မနည်းနဲ့ နေရာယူထားသလို တော်လှန်ရေးတပ်ဘက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်က တပ်ရင်း၊ တပ်ဖွဲ့တွေအပြင် ဒေသကာကွယ်ရေးတပ်တွေလည်း အခြေပြုစစ်ရေးလှုပ်ရှားကြပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းလို မဟာဗျူဟာမြောက်စီမံကိန်းနဲ့ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း လမ်းကြောင်းပေါ်က တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းရှင်းလင်းမယ်လို့ စစ်အာဏာရှင် တပ်ရဲ့ ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ဇွန်လ ၂၄ရက်က မြိတ်ခရီးစဥ်မှာ ပြောခဲ့ပါတယ်။

လင့်ခ် – https://shorturl.at/Cyl0z

အဲဒီပြောကြားချက်အရ စစ်အုပ်စုက ရေနက်ဆိပ်ကမ်းဒေသကို အပြည့်အဝ မထိန်းချုပ်သေးတာကို တွေ့ရှိရပါတယ်။

ဒုတပ်ချုပ် အဲဒီလိုပြောဆိုပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်အင်အား ထောင်ဂဏန်းနဲ့ ဇူလိုင်လ ဒုတိယ အပတ်ကစပြီး စစ်ကြောင်းထိုးလာပါတယ်။ စစ်ကြောင်းထိုးရာမှာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က လူငယ်သုံးဦးနဲ့ ဒေသခံ တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အရပ်သားတချို့ကိုလည်း စစ်အာဏာရှင်တပ်က လူသားဒိုင်းအနေနဲ့ ဖမ်းခေါ်ခဲ့ပါတယ်။

အဲဒီအကြောင်းအရာကို Dawei Watch နဲ့ BBC မြန်မာပိုင်းတို့က သတင်းဖော်ပြထားပြီး အောက်ဖော်ပြပါ လင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။

Dawei Watch သတင်းလင့်ခ် – https://shorturl.at/1kX8H

BBC မြန်မာပိုင်း သတင်းလင့်ခ် – https://shorturl.at/8JM8c

ရေနက်ဆိပ်ကမ်း ဧရိယာထဲက ကျေးရွာသုံးရွာမှာရှိတဲ့ နေအိမ်အချို့ကိုလည်း မီးရှို့ခဲ့ပြီး ရွှေ၊ ငွေတန်ဖိုးကြီး ပစ္စည်းတွေကိုလည်း စစ်အာဏာရှင်တပ်က ယူဆောင်ခဲ့ပါတယ် ။

အဲဒီအကြောင်းအရာ ကိုလည်း ကာယကံရှင် ဒေသခံတွေကို ကိုးကားပြီး Dawei Watch က သတင်းဖော်ပြခဲ့ပါတယ် ။

နေအိမ်တွေ မီးရှို့ခံရတဲ့သတင်း လင့်ခ် – https://tinyurl.com/2p9sddbu

တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူခံရတဲ့ သတင်းလင့်ခ် – https://tinyurl.com/5n6tzppf

ဒီအခြေအနေတွေအရ စစ်အုပ်စုဟာ စစ်အင်အားအလုံးအရင်းသုံးပြီး အရပ်သားပစ်မှတ်တွေကို ဖိနှိပ်ကာ နယ်မြေပြန်လည်ရရှိရေးအတွက် ကြိုးပမ်းနေရဆဲ အခြေအနေပဲ ဖြစ်တာကို တွေ့ရပါတယ်။

စီမံကိန်းဒေသမှာရှိတဲ့ ဒေသခံတွေကို မေးမြန်းချက်အရလည်း မြေပြင်မှာ စီမံကိန်းလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေတာ မျိုး မရှိသေးဘူးသလို နယ်မြေအနေအထားအရ လုပ်ငန်းပြန်စတင်နိုင်ဖို့လည်း မလွယ်ကူသေးဘူးလို့ ပြောဆိုကြပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည်ဖြစ်လာနိုင်ခြေ ရှိ မရှိနဲ့ ပတ်သက်ပြီး ဒေသခံတွေ၊ တော်လှန်ရေး အင်အားစုတွေကို Dawei Watch က အင်တာဗျူးမေးမြန်းထားတာတွေကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

အင်တာဗျူး လင့်ခ် – https://www.facebook.com/share/p/1d2kbLhNyA/

သုံးသပ်ချက်

ထားဝယ် ရေနက်ဆိပ်ကမ်းဟာ မြေပြင်မှာ တည်ဆောက်ရေးဆောင်ရွက်ဖို့ မစနိုင်သေးဘဲ နယ်မြေပြန်ရရှိဖို့ အပြင်းအထန် ကြိုးစားနေရဆဲ အခြေအနေဖြစ်တာကို တွေ့ရပါတယ်။ ဒီလို အခြေအနေမျိုးမှာ စစ်အုပ်စု ဝါဒဖြန့်ချိနေသူတွေ ဖြန့်ချိနေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်တည်ဆောက်နေပြီဆိုတဲ့ ဖော်ပြချက်ဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတာကို စိစစ်တွေ့ရှိရပါတယ် ။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact-Checking Network နဲ့ Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက် စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။