တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ ကွင်းသစ်ကျေးရွာမှာရှိတဲ့ စာသင်ကျောင်းဟာ ဇူလိုင်လ ၁၇ ရက်က ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက တနင်္သာရီမြို့နယ်က စာသင်ကျောင်းတွေကို PDF တွေ ဒရုန်း ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်သွားဖို့ ရှိတယ်ဆိုပြီး ဖြန့်ချိနေကြပါတယ်။
အဲဒီဖြန့်ချိချက်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ ပုံမှားရိုက် သတင်းအမှားဖြန့်ချိတာအဖြစ် စိစစ်တွေ့ရှိရပါတယ်။
Subscriber ပြုလုပ်ထားသူ တစ်သိန်းဝန်းကျင်ရှိတဲ့ “တိုက်ပွဲသတင်းစုံ” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၁၈ ရက် မှာ စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး အဲဒီဖော်ပြချက်ကို မြင်တွေ့ပြီးသူ သုံးသောင်းကျော်ရှိပါတယ်။
တိုက်ပွဲသတင်းစုံချန်နယ် ရဲ့ ဖော်ပြချက် လင့်ခ် – https://archive.ph/MHj9T
အဲဒီဖော်ပြချက်ကို Thazin Oo နဲ့ ပုလဲမြေ တယ်လီဂရမ်ချန်နယ်နှစ်ခုကလည်း ကူးယူဖော်ပြခဲ့ကြပါတယ်။
Thazin Oo ချန်နယ်ရဲ့ ဖော်ပြချက် လင့်ခ် – https://archive.ph/6dvQz
ပုလဲမြေချန်နယ်ရဲ့ ဖော်ပြချက် လင့်ခ် – https://archive.ph/xr2Je
စာသင်ကျောင်းကို စစ်အာဏာရှင်တပ် ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်
တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ ကွင်းသစ်ရွာစာသင်ကျောင်းကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းနဲ့ ဇူလိုင်လ ၁၇ ရက် ညနေပိုင်းမှာ တိုက်ခိုက်တယ်လို့ ဒေသခံနှင့် တော်လှန်ရေးအင်အားစုတွေကို ကိုးကားပြီး Dawei Watch က သတင်းဖော်ပြခဲ့ပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် ကျောင်းဆောင်ထိခိုက်ပျက်စီးမှု ရှိပြီး ကျောင်းလွှတ်ပြီးချိန် တိုက်ခိုက်ခံရတာကြောင့် လူထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။
ကွင်းသစ်ကျေးရွာနဲ့ တစ်ရွာကျော်မှာရှိတဲ့ ညောင်ပင်ကွင်းရွာအခြေစိုက် စစ်အာဏာရှင်တပ် အမှတ်-၅၆၁ ခြေမြန်တပ်ရင်းက ကာမီကာဇေဒရုန်းနဲ့ ကွင်းသစ်ရွာ (အ.မ.က) စာသင်ကျောင်းကို တိုက်ခိုက်ခဲ့တာလို့ ပြောဆိုကြပါတယ်။
အဲဲဒီအကြောင်းအရာတွေဖော်ပြထားတဲ့ Dawei Watch သတင်းလင့်ခ် – https://shorturl.at/HgkGp
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ People’s Spring သတင်းဌာနကလည်း ” KNU တပ်မဟာ ၄ နယ်မြေကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူတစ်ဦး ဒဏ်ရာရ” ခေါင်းစဥ်နဲ့ ဖော်ပြတဲ့သတင်းမှာ ကွင်းသစ်ကျေးရွာ စာသင်ကျောင်းကို စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကိုထည့်သွင်း ဖော်ပြထားတာ တွေ့ရပါတယ်။
People’s Spring သတင်းလင့်ခ် – https://shorturl.at/
ကွင်းသစ်ကျေးရွာ စာသင်ကျောင်းကို စစ်အာဏာရှင်တပ်က ဒရုန်းနဲ့တိုက်ခိုက်မှုအပေါ် ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေးဌာနကလည်း သတင်းထုတ်ပြန်ပါတယ်။
KNU ထုတ်ပြန်ချက်လင့်ခ် – https://shorturl.at/cxx3n
ကွင်းသစ်ကျေးရွာ စာသင်ကျောင်းကို ဒရုန်းနဲ့ ဘာကြောင့်တိုက်ခိုက်တာလဲ
ကွင်းသစ်ကျေးရွာဟာ စစ်အာဏာရှင်တပ်က မြေပြင် စစ်ကြောင်းထိုးချိန်မှလွဲပြီး ကျန်တဲ့အချိန်တွေမှာ လာရောက်နိုင်ခြင်းမရှိတဲ့ တော်လှန်ရေးအင်အားစုတွေ အတန်အသင့် စိုးမိုးတဲ့နယ်မြေ ဖြစ်ပါတယ်။
စစ်အုပ်စုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ သကျက်ကျေးရွာအုပ်စုမှာ ကွင်းသစ်ကျေးရွာလည်း ပါဝင်ပါတယ်။
ဒါကြောင့် တော်လှန်ရေးအင်အားစုတွေရှိတယ်ယူဆပြီး ဒရုန်းနဲ့တိုက်ခိုက်တာဖြစ်နိုင်သလို တော်လှန်ရေးအင်အားစုတွေကို ပုံဖျက်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ စာသင်ကျောင်းကို ရွေးချယ်တိုက်ခိုက်တာလည်းဖြစ်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ကြပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကွင်းသစ်ကျေးရွာကို ၂၀၂၄ ခုနှစ်ကလည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းမရှိဘဲ လေယာဥ် နဲ့ ဗုံးကြဲတိုက်ခိုက်တာမျိုးလုပ်ဆောင်ခဲ့ဖူးပါတယ် ။
တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုက ကွင်းသစ်ရွာ ကို စစ်အာဏာရှင်တပ်ကက ၂၀၂၄ သြဂုတ်လက လေယာဉ်နဲ့ ဗုံးကြဲတာကို Dawei Watch က ဖော်ပြခဲ့တဲ့ သတင်းလင့်ခ် – https://shorturl.at/3scZa
စိစစ်ချက်
ကွင်းသစ်ရွာ စာသင်ကျောင်းကို စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ တိုက်ခိုက်တဲ့ဖြစ်စဥ် အပေါ် စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဟာ PDF တွေက လုပ်တယ်ဆိုပြီး အပြစ်ပုံချတဲ့အပြင် ကွင်းသစ်ရွာအနားက ညောင်ပင်ကွင်းရွာ စာသင်ကျောင်းကိုလည်း PDF တွေက လက်နက်ကြီးနဲ့တိုက်ခိုက်ဖို့ စီစဥ်နေတယ်ဆိုပြီး ဖြန့်ချိပါတယ်။
ကွင်းသစ်ရွာနဲ့ ညောင်ပင်ကွင်းရွာ နှစ်ရွာစလုံးမှာ စစ်အစိုးရ ဝန်ထမ်းတွေနဲ့လည်ပတ်တဲ့ ပညာရေးယန္တယားကို လည်ပတ်နေတာဖြစ်တယ်လို့ ဒေသခံတွေ နဲ့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။
ကလေးသူငယ်တွေရဲ့ ပညာရေးနဲ့ ပတ်သက်လို့ ရွာသားတွေနဲ့အတူ အပြန်အလှန်သဘောတူ နားလည်မှုတွေနဲ့ ခွင့်ပြုထား တာဖြစ်ပြီး ပညာရေးသက်သက်သာ ဆောင်ရွက်ဖို့နဲ့ သတ်မှတ်ချက်တွေအတိုင်းဆောင်ရွက်ရင် ဟန့်တားမှာ မဟုတ်ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ ဗျူဟာ ၃၅ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စာသင်ကျောင်းကို ကျွန်တော်တို့အနေနဲ့ ဒရုန်းနဲ့ ဗုံးသွားကြဲစရာ အကြောင်းမရှိဘူး။ အစကတည်းက လက်မခံရင် ကျောင်း ဖွင့်ဖို့ ခွင့်ပြုမှာတောင်မဟုတ်ဘူး။ အခုက နှစ်ကာလတွေကြာလာလို့ ကလေးတွေ ပညာရေးအတွက် ရပ်ရွာ အာမခံချက်နဲ့ သဘောတူကြတာပါ။ ဆရာ၊ ဆရာမတွေကိုတော့ ပညာရေးပဲလုပ်ပါ၊ သတင်းပေး သတင်းယူလုပ်တာမျိုး တွေ့ရင် အရေးယူ တာမျိုးရှိမယ်လို့ သတိပေးထားပဲရှိတယ်။ ကျန်တာ ဘာမှ နှောင့်ယှက်ဟန့်တားတာမရှိဘူး” လို့ သူက ပြောပါတယ်။
တနင်္သာရီမြို့နယ်ဟာ ဗျူဟာ ၃၅ ရဲ့ စစ်ရေးလှုပ်ရှားမှု ဧရိယာထဲမှာ ပါဝင်ပါတယ်။
ကွင်းသစ်ရွာစာသင်ကျောင်းဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက်မှာ တနင်္သာရီမြို့နယ်ထဲ ပညာရေးအဆောက်အအုံတွေ ထပ်မံတိုက်ခိုက်ခံရတာ မရှိသေးဘူးလို့ မြေပြင်စုံစမ်းမေးမြန်းချက်များအရ သိရပါတယ်။
ဒါ့အပြင် တနင်္သာရီမြို့နယ်ထဲက စာသင်ကျောင်းတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရမှု၊ လက်နက်ကြီးနဲ့ ပစ်မယ်လို့ ခြိမ်းခြောက်ခံရမှု တွေနဲ့ ပတ်သက်လို့ ဝါဒဖြန့်ချန်နယ်တွေက ဖြန့်ချိနေပေမဲ့ စစ်အစိုးရလက်အောက်ခံ ပြန်ကြားရေးဌာန၊ ရုပ်သံ၊ သတင်းစာနဲ့ ဝက်ဘ်ဆိုက်တွေက တစ်ဆင့်ထုတ်ပြန်တာမျိုးတော့ မတွေ့ရပါဘူး။
အဲဒီလို ဖြစ်စဥ်တွေနဲ့ပတ်သက်ရင် စစ်အုပ်စုဟာ အသေးစိတ်ကအစ နေရာစုံကနေ ဖော်ပြလေ့ရှိတတ်ပါတယ်။
ဒါ့ကြောင့် ကွင်းသစ်ရွာစာသင်ကျောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ စစ်အုပ်စု ဝါဒဖြန့်သူတွေရဲ့ ဖြန့်ချိချက်ဟာ စစ်အာဏာရှင်တပ်ရဲ့ အပြစ်ကိုဖုံးကွယ်ဖို့နဲ့ တော်လှန်ရေးအုပ်စုတွေကို ပုံဖျက်ဖို့တို့အတွက် သတင်းလက်ဦးမှုယူပြီး ဖြန့်ချိချက်ဖြစ်တာကို စိစစ်တွေ့ရပါတယ်။
အလားတူ အခု ၂၀၂၆ ခုနှစ်မတ်လကလည်း တနင်္သာရီမြို့နယ် တကူရွာစာသင်ကျောင်းကို ဗုံးကြဲမှုမှာ PDF တွေ နေထိုင်လို့ ဆိုပြီး နယ်မြေခံ PDF တာဝန်ရှိသူ တစ်ဦးက ပြောသယောင် ပုံဖော်ဖြန့်ချိတာကို Dawei Watch က အချက်အလက် စိစစ်ထားပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
လင့်ခ် – https://shorturl.at/jIecu
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact-Checking Network နဲ့ Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက် စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။







