ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘရိုက်တန် ကွင်းလယ်လူ ဘာလီဘာကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ သုံးပြီး မန်ယူခေါ်ယူ

August 27, 2026

မန်ယူအသင်းဟာ ကွင်းလယ်ကို အားဖြည့်ဖို့အတွက် ဘရိုက်တန်အသင်းရဲ့ ကင်မရွန်း လူငယ်ကွင်းလယ်ကစားသမား ကားလို့စ်ဘာလီဘာကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ ပေးချေပြီး ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

မန်ယူဟာ ဘာလီဘာအတွက် ဘရိုက်တန်ကို ပထမအသုတ်အဖြစ် ပေါင် ၆၅ သန်း လက်ငင်းပေးချေမှာဖြစ်ပြီး အပိုထပ်ဆောင်းကြေး ပေါင်ငါးသန်းကိုတော့ ကစားသမားရဲ့စွမ်းဆောင်ရည်နဲ့ အသင်းအောင်မြင်မှုတို့အပေါ်မူတည်ပြီး ဆက်လက်ပေးချေသွားမှာဖြစ်တယ်လို့ မန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဘရိုက်တန်ဟာ ဘာလီဘာကို မန်ယူက နောင်တစ်ချိန်မှာ လက်လွှဲရောင်းချဖြစ်ခဲ့ရင် သူတို့ကို ရာခိုင်နှုန်း အကျိုးခံစားခွင့်တစ်ရပ် ပေးရမယ်ဆိုတဲ့ သဘောတူညီချက်ကိုလည်း ရယူထားပါတယ်။

အသက် ၂၂ နှစ်အရွယ် ဘာလီဘာဟာ မန်ယူနဲ့ ငါးနှစ်သက်တမ်းရှိတဲ့စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ကစားသမားရဲ့စွမ်းဆောင်ရည်ကို နှစ်ခြိုက်သဘောကျခဲ့ရင် အသင်းဘက်က စာချုပ်သက်တမ်းကို အလိုအလျောက် သက်တမ်း တစ်နှစ် ထပ်တိုးခွင့်ရှိတယ်ဆိုတဲ့သဘောတူညီချက်ကိုလည်း မန်ယူက ရယူထားပါတယ်။

ဘာလီဘာကို ခေါ်ယူလိုက်ပြီးတဲ့နောက်မှာတော့ မန်ယူရဲ့နွေဈေးကွက်အသုံးစရိတ်က ပေါင် ၁၅၃ သန်းအထိ မြင့်တက် ရောက်ရှိသွားခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ အိပ်မက်ထဲက အသင်းကြီးဆီကို ရောက်လာခဲ့ပြီဆိုတဲ့ ခံစားချက်က မယုံနိုင်စရာလောက်အောင်ပါပဲ။ အိုးလ်ထက်ဖို့ဒ်ကွင်းကြီးထဲမှာ ကစားရမှာက တကယ့်ကို ထူးခြားလှတဲ့ စိတ်ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။ နည်းပြ မိုက်ကယ်ကာရစ်နဲ့ အလုပ်လုပ်ရတောာ့မှာကို အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။ သူ့ရဲ့အတွေ့အကြုံတွေက ကျွန်တော့်ကို အမြင့်ဆုံးအဆင့်တစ်နေရာဆီ ရောက်အောင် ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ဘာလီဘာက မန်ယူနဲ့ စာချုပ်ချုပ်ဆိုအပြီးမှာ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။