တနင်္သာရီမြို့အနီး ဖြတ်သန်းစီးဆင်းနေသည့် တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ် ၁၇ ပေကို ကျော်နေပြီဖြစ်ကြောင်း မြို့ခံများက ပြောသည်။
ယနေ့ သြဂုတ်လ ၂၇ ရက် နံနက် ၈ နာရီခွဲဝန်းကျင်တွင် မြစ်ရေသည် ၁၈ ပေ ၁၀ လက်မအထိ တက်နေပြီဖြစ်ကြောင်း မြို့ခံတစ်ဦး မှတ်တမ်းတင်ထားသည့် ဓာတ်ပုံ၌ တွေ့ရသည်။
တိုင်းအတွင်းမိုးကြီးသဖြင့် တနင်္သာရီမြစ်ဖျားခံရာ ထားဝယ်ဒေသတွင်လည်း နေရာအချို့ ရေကြီးရေလျှံနေသည်။ တနင်္သာရီမြစ်ရေသည် သြဂုတ်လ ၁၇ ရက်ကတည်း မြင့်တက်လာခြင်းဖြစ်သည်။
တနင်္သာရီမြစ်ရေသည် ယခုနှစ်အတွင်း ဒုတိယအကြိမ် ရေတက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်ကလည်း စိုးရိမ်ရေအမှတ် ရေအမြင့် ၁၇ ပေ ကျော်အထိ ရောက်ခဲ့သေးသည်။ ပထမအကြိမ် ရေတက်စဥ်က ရွှေ့ပြောင်းခဲ့ရခြင်း မရှိခဲ့ပေ။
ယခုတစ်ကြိမ်တွင်မူ လပြည့်အချိန်ကာလ ချောင်းဖျားရေ တက်ချိန်နှင့် မြစ်ရေတက်ချိန် အချိန်ကိုက်ဖြစ်နေသဖြင့် ရေတက်မြန်နေကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
“မြို့တွင်းမှာ အရင်တစ်ခါကထက် အခုတစ်ခါ ရေများသွားတယ်။ လောလောဆယ် ပစ္စည်းတွေအရင်ရွှေ့နေကြတယ်။ ပုံမှန်အတိုင်း ဘုန်းကြီးကျောင်းတွေဆီပဲ ရွှေ့ရတာပေါ့။ ကုန်းလွတ်ရာဆို ဘုန်းကြီးကျောင်းတွေမှာက အဆင်သင့် ဖြစ်တာဆိုတော့လေ” ဟု ၎င်းက ပြောဆိုသည်။
မြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် သြဂုတ်လ ၁၇ ရက်ကတည်းက ရေဝင်နေပြီး ယနေ့ သြဂုတ်လ ၂၇ ရက်တွင် ရေပိုဝင်လာကြောင်း မြို့ခံများက ဆိုသည်။
သြဂုတ်လကုန်အထိ တနင်္သာရီတိုင်းအပါအဝင် နိုင်ငံအဝှမ်း မိုးရွာသွန်းမည်ဖြစ်ပြီး တနင်္သာရီတိုင်းတွင်မူ နေရာကွက်၍ မိုးကြီးကာ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်နိုင်ကြောင်း မိုးလေဝသဌာနများက ထုတ်ပြန်ထားသည်။
ပုံစာ – ယနေ့ သြဂုတ်လ ၂၇ ရက်တွင် တွေ့ရသည့် တနင်္သာရီမြစ်ရေ အခြေအနေ။







