မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး အတ္တရံမြစ်ရေ တိုးလာသည့်အတွက် မြစ်နှင့်နီးသည့် အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများ ရေကြီးနစ်မြုပ်နေကြောင်း ဒေသခံများက ပြောသည်။
မြစ်ရေ တိုးလာခြင်းကြောင့် ဩဂုတ်လ ၂၅ ရက်ကစပြီး ကျိုက်မရောမြို့ပေါ်ရှိ ရှင်စောပု၊ ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရန်မျိုးအောင် စသည့် ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ဦးလေး၊ ဘိန်းဗျော၊ ငပြေမ၊ မယ်ကရို၊ နိတုံ၊ ကွာငန်၊ လှကဇိုင်း၊ ကျိုက်ပရန်၊ ကော့ဝမ်း၊ ကြခတ်ကုန်း စသည့် ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံနေကြောင်း ၎င်းတို့က ဆိုသည်။
လက်ရှိတွင် မိုးများ ဆက်လက်ရွာသွန်းနေသလို မြစ်ရေလည်း ဆက်လက်မြင့်တက်နေသည့်အတွက် ရေဆက် တိုးနေကြောင်း ဒေသခံများက ပြောဆိုသည်။
“ရေစ၀င်နေတာကတော့ တစ်ပတ်လောက်ရှိပြီ။ မနေ့ (ဩဂုတ် ၂၅) က မနက်ကျမှ ရေအမြင့်က ပေါင်ရင်းလောက်အထိ တက်လာတယ်။ (ကုန်း) မြင့်တဲ့နေရာတောင်မှ ဒူးလောက်ရှိနေပါတယ်” ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။
ရေကြီးရေလျှံမှုကြောင့် အနိမ့်ပိုင်းနေသူများ ယာယီပြောင်းရွှေ့နေကြရပြီး စာသင်ကျောင်းများလည်း ယာယီပိတ်ထားကြရကြောင်း ဒေသခံများထံမှ သိရသည်။
သံလွင်မြစ်မှ ခွဲထွက်မြစ်ရေဖြစ်သည့် အတ္တရံမြစ်ရေသည် ကျဆင်းမှုနှေးကွေးပြီး လက်ရှိ တက်ရေအခြေအနေနှင့်ဆိုလျှင် ရေသည် တစ်ပတ်၊ ၁၀ ရက်ခန့်အထိ ဆက်လက်မြင့်တက်နေဦးမည်ဖြစ်ကြောင်း ဒေသခံတို့က ခန့်မှန်းကြသည်။
“မိုးကလည်း သည်းနေတယ်။ ရေကလည်း မြင့်တက်လာနေတယ်။ အတ္တရံ မြစ်ကမ်းဘေး အားလုံး ရေတွေ လွှမ်းကုန်ပြီ။ ရေတက်ရက်ဖြစ်နေတော့ ရေက ပိုတိုးလာဖို့ရှိတယ်။ လပြည့်ကျော် ၃/၄/၅ ရက်အထိတော့ ရေက တက်ဦးမယ်။ အားလုံး သတိထားကြပါ” ဟု ကျိုက်မရောဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။
မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ်လအတွင်း မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရောတို့တွင် ရေကြီးရေလျှံခဲ့သည်။
ရေကြီးရေလျှံမှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်း ရေကျော်ပြီး လမ်းခရီး ယာယီပိတ်ခဲ့ရသေးသည်။







