စစ်အာဏာရှင်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာတွင် ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။
စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး သြဂုတ်လ ၂၂ရက် ည ၈ နာရီက ကျွဲထိန်းကုန်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၆၆နှစ် အရွယ်အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရကြောင်း KNU-မြိတ်-ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။
စစ်အာဏာရှင်တပ်ဖွဲ့သည် ကျောက်ပုံတောင် (ဒေသအခေါ်) တွင် တပ်စွဲထားသလို ညောင်ပင်ကွင်းရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၆၁ခြေမြန်တပ်ရင်းလည်းရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“(ပစ်ခတ်တာက) ကျောက်ပုံတောင်လား၊ ၅၆၁ လား မသိဘူး။ ဒီရက်ပိုင်း အဲဒီအနားဝန်းကျင်မှာ တိုက်ပွဲဖြစ်တာမျိုး မရှိဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။
လက်နက်ကြီးကျည်စထိမှန်ပြီး ကျွဲထိန်းကုန်းရွာခံ အမျိုးသမီးကြီးတစ်ဦး၏ လက်တွင် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ကျောက်ပုံတောင်သည် တနင်္သာရီမြို့နှင့် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်အာဏာရှင် ၅၆၁ ခြေမြန်တပ်ရင်းသို့သွားရာ လမ်းပိုင်းတွင်တည်ရှိသည်။
ကျွဲထိန်းကုန်းရွာကို တော်လှန်ရေးတပ်များဘက်က ထိန်းချုပ်ထားပြီး ညောင်ပင်ကွင်းရွာနှင့် နှစ်မိုင်ခန့်ကွာဝေးသည်။ ကျောက်ပုံတောင် (ဒေသအခေါ်) နှင့်မူ လေးမိုင်ခန့်ကွာဝေးသည်။
ပြီးခဲ့သည့် မေလ၂၂ရက်တွင်လည်း ညောင်ပင်ကွင်းရွာအခြေစိုက် ၅၆၁ခြေမြန်တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျွဲထိန်းကုန်းရွာတွင် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦးသေဆုံးကာ ကလေးအပါအဝင် နှစ်ဦးဒဏ်ရာရခဲ့သည်။
ဓာတ်ပုံ – KNU-MTD







