ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်တွင် ပွဲစားက အိမ်ထောင်စုတစ်ခုတည်းဖြင့် မြန်မာကလေးငယ် ၆၀ ကျော်အတွက် ပန်းရောင်ကတ် ထုတ်ယူ

August 24, 2026

ပုံစာ - ဩဂုတ်လ ၁၈ ရက်နေ့က တိုက်ခန်းများကို စစ်ဆေးစဉ်။ Photo - The Reporter

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒင်းဒဲနယ်မြေရှိ တိုက်ခန်းကျဉ်းတစ်ခုကို မှတ်ပုံတင်ပြီး ပွဲစားက မြန်မာကလေးငယ် ၆၀ ကျော် ပန်းရောင်ကတ် ထုတ်ယူထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဒင်းဒဲနယ်မြေက တိုက်ခန်းတွဲများကို မှတ်ပုံတင်ပြီး မြန်မာကလေးငယ်များကို ပန်းရောင်ကတ် လိမ်လည် ထုတ်ပေးနေမှုနှင့် ပတ်သက်၍ ဩဂုတ်လ ၁၈ ရက်တွင် ရဲတပ်ဖွဲ့ဝင်များက ဒင်းဒဲတိုက်ကို စစ်ဆေးရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဒင်းဒဲတိုက်တွင် တိုက်ခန်းပေါင်း ၅၇၀၀ ကျော်ရှိပြီး တိုက်ခန်းအများစုသည် ၃၀ မှ ၄၀ စတုရန်းမီတာခန့်သာ ကျယ်ဝန်းသည်။

ယင်းအနက် အသက် ၅ နှစ်မှ ၁၅ နှစ်အတွင်း မြန်မာအများစုပါဝင်သော ရွှေ့ပြောင်းကလေးငယ် ၁၆ ဦးနှင့်အထက် မှတ်ပုံတင်ထားသော တိုက်ခန်းပေါင်း ၄၇ ခန်းရှိပြီး ယင်းတိုက်ခန်းများသည် ရွှေ့ပြောင်းကလေး ၁၄၆၈ ဦးကို မှတ်ပုံတင်ပေးထားခဲ့ကြောင်း ဖော်ပြသည်။

ထိုင်းအမျိုးသမီးတစ်ဦး၏ တိုက်ခန်းတွင် မြန်မာကလေးငယ် ၆၄ ဦးအထိ မှတ်ပုံတင်ပြီး ပန်းရောင်ကတ် ထုတ်ယူထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သူမသည် ပြီးခဲ့သော ဇွန်လက ခရိုင်ရုံးသို့ သွားရောက်ခဲ့ရာမှ သူမ၏ မိသားစုအိမ်ထောင်စုထဲတွင် မြန်မာ ကလေးငယ် ၆၄ ဦး မှတ်ပုံတင်ထားသည်ကို သိရှိခဲ့ပြီးနောက် တိုင်တန်းရာမှ အာဏာပိုင်များက စတင်စုံစမ်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သူမသည် ခရိုင်ရုံးနှင့် ရဲတပ်ဖွဲ့ထံ ကနဦး တိုင်ကြားခဲ့သော်လည်း အမှုတိုးတက်မှု မရှိခဲ့သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာနသို့ သွားရောက်တိုင်ကြားခဲ့ရာမှ မြန်မာကလေးငယ်များကို ပန်းရောင်ကတ် ထုတ်ပေးရာတွင် လာဘ်စားထားမှုနှင့်ပတ်သက်၍ သံသယရှိလာခဲ့ကြောင်း ဖော်ပြသည်။

အိမ်ထောင်စုတစ်ခုတွင် ၁၆ ဦးနှင့်အထက် မှတ်ပုံတင်ပါက ခရိုင်ရုံးက သတိပေးရမည်ဖြစ်သော်လည်း ခရိုင်ရုံးက အာဏာသုံးပြီး နှစ်ရက်အတွင်း မြန်မာကလေးငယ်များကို အိမ်ထောင်စုတစ်ခုထဲတွင် ၆၄ ဦးအထိ မှတ်ပုံတင်ကာ ပန်းရောင်ကတ်ထုတ်ပေးထားခဲ့ကြောင်း ဖော်ပြသည်။

ဩဂုတ်လ ၁၈ ရက်က တိုက်ခန်းသုံးခန်းကို စစ်ဆေးစဉ် မြန်မာကလေး ၆၄ ဦး၊ ၄၁ ဦးနှင့် ၃၅ ဦး အသီးသီး မှတ်ပုံတင်ထားပြီး စုစုပေါင်း တိုက်ခန်းသုံးခန်းတွင် မြန်မာကလေး ၁၄၀ အထိ မှတ်ပုံတင်၍ ပန်းရောင်ကတ် ထုတ်ပေးထားသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ပန်းရောင်ကတ်များကို လိမ်လည်ထုတ်ယူထားမှုဖြင့် ပွဲစား နှစ်ဦး၊ အိမ် သို့မဟုတ် အခန်းပိုင်ရှင် နှစ်ဦးနှင့် အစိုးရ အရာရှိ သုံးဦး စုစုပေါင်း ခုနစ်ဦးတို့ကို ဖမ်းဆီးထားပြီးဖြစ်ပြီး‌ နောက်ထပ်ပါဝင်ပတ်သက်သူဟု သံသယရှိသော အစိုးရဝန်ထမ်းတစ်ဦးကို စစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ဘန်ကောက်မြို့အတွင်း လွန်ခဲ့သော ၅ နှစ်မှ ၁၀ နှစ်အတွင်း ပန်းရောင်ကတ် ထုတ်ပေးထားမှုကို ပြန်လည်စစ်ဆေးရန် ညွှန်ကြားထားပြီး အခြားခရိုင်များတွင်ပါ စစ်ဆေးနိုင်ရန် ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ဖော်ပြသည်။

ပန်းရောင်ကတ်ဆိုသည်မှာ ထိုင်းနိုင်ငံအတွင်း‌ မွေးဖွားသော ရွှေ့ပြောင်းကလေးငယ်များအတွက် ထုတ်ပေးသည့် ကတ်ဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားများကို ထုတ်ပေးသည့် ကတ်နှင့် မတူဘဲ ကတ်နံပါတ်သည် ၇ နံပါတ်ဖြင့် စတင်သော ပန်းရောက်ကတ်ဖြစ်သည်။

ရွှေ့ပြောင်းကလေးငယ်များကို ထုတ်ပေးသည့် ပန်းရောင်ကတ်သည် ထိုင်းနိုင်ငံသား ချက်ချင်း ခံယူခွင့် မရှိသော်လည်း ဥပဒေအရ ကိုက်ညီမှု ရှိပါက ထိုင်းနိုင်ငံသား လျှောက်ထားခွင့်ရှိသော ကတ်ဖြစ်သည်။

Ref: Bangkok Post, The Nation Thailand

Photo – The Reporter

ပုံစာ – ဩဂုတ်လ ၁၈ ရက်နေ့က တိုက်ခန်းများကို စစ်ဆေးစဉ်။