ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အိုမန်ကို ဗုံးကြဲမည်ဟု ထရမ့် ခြိမ်းခြောက်

August 19, 2026

Photo: AP

ဟော်မုဇ်ရေလက်ကြားအရေး ကြားဝင်စွက်ဖက်ပါက ဗုံးကြဲတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ်လ ၁၇ ရက်တွင် ခြိမ်းခြောက်ပြောဆိုလိုက်သည်။

အိုမန်နှင့် အီရန်အကြား တည်ရှိသည့် ဟော်မုဇ်ရေလက်ကြားအား ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အိုမန်နှင့် အီရန်အကြား ပြုလုပ်လျက်ရှိသည့် ဆွေးနွေးပွဲများကို ရည်ညွှန်း၍ ထရမ့်က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အီရန်စစ်ပွဲတွင် တီဟီရန်ဘက်က လက်နက်ချရန်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့သည်။

“အိုမန်ကသာ ကြားဝင်ရှုပ်ရင် ကျွန်တော်တို့ သူတို့ကို အသေအကျေ ဗုံးကြဲပစ်မယ်” ဟု သမ္မတထရမ့်က Fox News သတင်းထောက်တစ်ဦးအား ပြောကြားခဲ့သည်။

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်ဖြစ်သော အိုမန်နိုင်ငံသည် သမ္မတထရမ့်၏ အဆိုပါ ပြောကြားချက်များနှင့် ပတ်သက်၍ လူသိရှင်ကြား မှတ်ချက်ပေးပြောဆိုခြင်း မရှိသေးပေ။

ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အီရန်စစ်ပွဲ စတင်ချိန်မှစ၍ အဆိုပါ ဟော်မုဇ်ရေလက်ကြားကို အီရန်က ထိထိရောက်ရောက် ထိန်းချုပ်ထားသည်။

ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ရေးကိစ္စရပ်သည် အီရန်နှင့် အမေရိကန်အကြား လိပ်ခဲတည်းလည်းအခြေအနေ၏ အဓိကဗဟိုချက်အဖြစ် ရှိနေသည်။

နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ စက်သုံးဆီစျေးနှုန်းများ အတက်အကျကြမ်းနေခြင်းနှင့် သမ္မတထရမ့်၏ အီရန်စစ်ပွဲအပေါ် အမေရိကန်ပြည်သူများ၏ ဆန့်ကျင်မှုတို့ကြောင့် အီရန်စစ်ပွဲကို အဆုံးသတ်ရန် ဖိအားများနှင့် သမ္မတထရမ့်အပေါ် ပိုမိုကျရောက်လာသည်။

ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာရေးအပေါ် အနာဂတ်စီမံဆောင်ရွက်မှုများနှင့် ပတ်သက်၍ အီရန်နှင့် အိုမန်အကြား ရက်သတ္တပတ်အတော်ကြာ ဆွေးနွေးလျက်ရှိသည်။

နှစ်နိုင်ငံပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေကြကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။

ဟောမုဇ်ရေလက်ကြား၏ မြောက်ဘက်ကမ်းရိုးတန်းတွင် အီရန်နိုင်ငံ တည်ရှိပြီး၊ တောင်ဘက်ပိုင်းတွင်မူ အိုမန်နိုင်ငံ တည်ရှိသည်။

Source: AFP

ဓာတ်ပုံ – Trump threatens to bomb Oman if it gets in way of Iran deal – CNA