ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သဲဖြူရွာဟောင်းတွင် စစ်အာဏာရှင်တပ်သားများ မိုင်းဆွဲခံရ၊ ပစ်ခတ်မှုဖြစ်

August 26, 2026

တနင်္သာရီ-မောတောင် လမ်းပိုင်းမှတစ်ဆင့် ဝင်ရောက်ရသည့် သဲဖြူရွာဟောင်းသို့ စစ်အာဏာရှင်တပ်သားများက ခြေလျင်စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် တနင်္သာရီ-မောတောင် လမ်းပိုင်းပေါ်ရှိ သဲဖြူရွာ၌ တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများသည် သဲဖြူရွာဟောင်းဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အနီးနားရှိ ရွာသားများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း အထက်ပါ တပ်ဖွဲ့ဝင်များက ပြောသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် သဲဖြူရွာဟောင်းဝန်းကျင်ရှိ ဒေသခံပြည်သူများသည် နေအိမ်သို့ ပြန်လည်ဝင်ရောက်ကာ ပစ္စည်းများ ယူဆောင်နေစဉ် စစ်အာဏာရှင်တပ်သားများက လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် ဒုတိယအကြိမ် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“မိုင်းဆွဲလိုက်တာတော့ သူတို့တွေ လွင့်တက်သွားတယ်။ အထိနာများတယ်။ သွေးအိုင်တွေ ကျကျန်ရစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။ ပြည်သူတွေလည်း ဘာမှမဖြစ်သွားလို့ တော်သေးတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်သားများသည် သဲဖြူရွာဟောင်းဝန်းကျင်မှ သဲဖြူရွာဘက်သို့ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

လက်ရှိတွင် သဲဖြူရွာဝန်းကျင်နှင့် ပစ်ခတ်မှုဖြစ်ပွားနေသည့် နယ်မြေများ၊ စစ်အာဏာရှင်တပ်သားများနှင့် နီးကပ်သည့် နေရာများသို့ သွားလာခြင်းမပြုဘဲ ကြိုတင်ရှောင်ရှား နေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများကို မေတ္တာရပ်ခံထားသည်။