ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နီပေါ-တိဗက်နယ်စပ် ရေကြီးမြေပြိုမှု သေဆုံးသူ ၁၆၀ ကျော်လာ၊ တစ်ထောင်နီးပါး ပျောက်ဆုံး

August 27, 2026

Ref: BBC, AP

နီပေါ-တိဗက်နယ်စပ် တောင်ပေါ်ဒေသတွင် ရုတ်တရက် ရေကြီးမြေပြိုကြောင့် သေဆုံးသူ ၁၆၀ ကျော်လာပြီး နှစ်နိုင်ငံတွင် ပျောက်ဆုံးနေသူ တစ်ထောင်နီးပါးရှိလာကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။

ဩဂုတ်လ ၂၆ ရက် အစောပိုင်းက နီပေါ-တိဗက်နယ်စပ် တောင်ပေါ်ဒေသဖြစ်သော ရာစူဝါဒေသတွင် ရုတ်တရက် ရေကြီး မြေပြိုမှု ဖြစ်ခဲ့ခြင်းဖြစ်သည်။

ရေခဲတောင်ပေါ်မှ ရေခဲများ အရည်ပျော်ကာ မြစ်အတွင်းသို့ တဟုန်ထိုး စီးဆင်းလာသဖြင့် ရေနှင့် ရွှံ့များ ဒလဟော လွှမ်းမိုးခဲ့ခြင်းသည် ငလျင်ကြောင့် ဖြစ်နိုင်ကြောင့် ပညာရှင်များက ကနဦး ခန့်မှန်းထားသည်။ နှစ်နိုင်ငံ အာဏာပိုင်များကမူ မြေပြိုမှုက စတင်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုသည်။

ရုတ်တရက် ရေကြီးမြေပြိုကြောင့် နီပေါဘက်ခြမ်းတွင် သေဆုံးသူ ၁၆၂ ဦးကို ရှာတွေ့ထားပြီး ခရီးသွားများအပါအဝင် ပျောက်ဆုံးနေသော လေးရာကျော်ရှိကြောင်း ဖော်ပြသည်။

ပျောက်ဆုံးနေသူများတွင် အမေရိကန် ၅၀ ကျော်၊ ယူကေ ၃၀ ကျော်၊ ဩစတေးလျ ၃၀ ကျော်၊ အိန္ဒိယ တစ်ရာကျော်နှင့် မလေးရှားနိုင်ငံများက ခရီးသွားများ ပါဝင်ပြီး နီပေါရဲတပ်ဖွဲ့၊ စစ်သားများအပါအဝင် ပြည်သူ တစ်ရာကျော်ကလည်း ပျောက်ဆုံးနေဆဲဖြစ်သည်။

ခရီးသွားကုမ္ပဏီတစ်ခုကလည်း ခရီးစဉ်အတွင်း လိုက်ပါသွားသူ ၄၇ ဦးစလုံး အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ပြောသည်။

တောင်ကိုရီးယားနိုင်ငံသားများလည်း လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းတွင် လုပ်ကိုင်နေစဉ် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ပြောဆိုသည်။

တိဗက်ဘက်ခြမ်းက ဂျီရွန်းစီရင်စုတွင်မူ သေဆုံးသူ သုံးဦးကို ရှာတွေ့ထားပြီး လူ ၅၅၀ ကျော် ပျောက်ဆုံးနေကာ အများစုသည် နယ်စပ်ဂိတ်တွင် ရှိနေသော နိုင်ငံခြားသား ခရီးသွားများဖြစ်ကြောင်း CCTV သတင်းဌာနက ဖော်ပြသည်။

ဂျီရွန်းနယ်စပ်ဂိတ်သည် တရုတ်-နီပေါ ခရီးသွားအများစု သွားလာနေသော နယ်စပ်ဂိတ်ဖြစ်ပြီး ပျောက်ဆုံးနေသူများတွင် နိုင်ငံခြားသား ခရီးသွား ၂၆၀ ကျော် ပါဝင်ကြောင်း ဖော်ပြသည်။

လက်ရှိအချိန်အထိ နှစ်နိုင်ငံတွင် သေဆုံးနှင့် ပျောက်ဆုံးနေသူအရေအတွက်များ တိုးလာနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သည်။