ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမာဘတ်ရှိ အစိုးရဆေးရုံတစ်ခု၌ ယနေ့ ဩဂုတ်လ ၂၆ ရက်တွင် မီးလောင်ရာ မွေးကင်းစကလေးငယ် ၁၄ ဦးထက်မနည်း သေဆုံးကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
အဆိုပါ ဝမ်းနည်းဖွယ်ဖြစ်ရပ်သည် မွေးကင်းစကလေး အဆောင်အတွင်း ပေါက်ကွဲမှုတစ်ခုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း ပါကစ္စတန် ကျန်းမာရေးဝန်ကြီးက ဆိုသည်။
အဆိုပါ မီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်တွင် ပါကစ္စတန် ဆေးသိပ္ပံအင်စတီကျု၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၏ တတိယထပ်၌ စတင်ခဲ့ခြင်းဖြစ်ကြောင်း Geo TV သတင်းတွင် ဖော်ပြထားသည်။
သေဆုံးသူအရေအတွက်မှာ ၁၅ ဦးအထိ ရှိကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
လေအေးပေးစက် ပေါက်ကွဲပြီးနောက် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်ကျန်းမာရေးဝန်ကြီးက ပြောသည်။
အဆိုပါ အဆောင်အတွင်း အောက်ဆီဂျင်လုံလောက်စွာ ရှိနေခြင်းက မီးကူးစက်မှုကို ပိုမိုမြန်ဆန်စေခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ယခုဖြစ်ရပ်သည် ပါကစ္စတန်နိုင်ငံတွင် လတ်တလောနှစ်များအတွင်း အသေအပျောက်အများဆုံး ဆေးရုံမီးလောင်မှုများအနက်တစ်ခု ဖြစ်သည်။
ပါကစ္စတန်နိုင်ငံတွင် အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုကို ထောက်ပံ့ကြေးပေးထားသော်လည်း ဆေးရုံသုံး ပစ္စည်းကိရိယာများ လုံလောက်မှု မရှိခြင်းကြောင့် ဖိအားကြီးထွားနေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
Source: Reuters







